အမေရိကန်နှင့် မြောက်ကိုရီးယား တွေ့ဆုံမည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မတ ပြော

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တွေ့ဆုံကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ နျူကလီးယားအရေး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆွေးနွေးပွဲတွေအတွင်း မြောက်ကိုရီးယားဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့တယ်၊ ပိုကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်မှာ တရုတ်အစိုးရရဲ့ အဓိကအခန်းကဏ္ဍကို ထပ်ပြီး တောင်းဆိုခဲ့တယ်လို့ မဟာမိတ် ၂ နိုင်ငံလုံးရဲ့ အစိုးရမီဒီယာတွေက ဇန်နဝါရီ ၉ ရက်မှာ ဖော်ပြကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းကို ဇန်နဝါရီ ၈ ရက်က ရထားနဲ့ ရောက်လာတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ် မတွေ့ခင် တရုတ်သမ္မတနဲ့ ဗျူဟာမြောက် တွေ့ဆုံတာလို့ ရှုမြင်ခံထားရပါတယ်။ ဇွန်လက စင်ကာပူမှာတွေ့တဲ့ အစည်းအဝေးအတွင်း ကင်နဲ့ ထရမ့်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး လုပ်ဆောင်ဖို့ ကတိပြုထားတဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် နျူကလီးယား ဖြုတ်သိမ်းရေးဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် မြောက်ကိုရီးယားနဲ့ အမေရိကန်အစိုးရတွေ သဘောမတူကြလို့ တိုးတက်မှု ရပ်ဆိုင်းခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှု ၆ ကြိမ်လုပ်ခဲ့ပြီး အမေရိကန်အထိ ရောက်အောင် ပစ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် တာဝေးဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။

နောက်ထပ်စမ်းသပ်မှုတွေ တနှစ်ကျော်အတွင်း မလုပ်တော့ဘဲ နောက်ထပ် မလိုအပ်တော့ဘူးလို့ ပြောရင်း နျူကလီးယား စမ်းသပ်ကွင်းရဲ့ ဝင်ပေါက်တွေကို မြောက်ကိုရီးယားက ဖျက်ဆီးခဲ့ပါတယ်။

မြောက်ကိုရီးယားက သူ့နိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတာကို ဖြေလျော့ပေးစေချင်နေတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နျူကလီးယား ဖြုတ်သိမ်းရေး မပြီးမချင်း ဒဏ်ခတ်မှုတွေ အင်အားအပြည့်နဲ့ ဆက်ရှိနေမယ်လို့ တနင်္ဂနွေနေ့က ပြောထားပါတယ်။

မြောက်ကိုရီးယားက တရားဝင် တောင်းဆိုထားတဲ့ ကိစ္စတွေဟာ သင့်တော်တဲ့ တောင်းဆိုချက်လို့ ရှီကျင့်ဖျင်က ပြောခဲ့တယ်၊ မြောက်ကိုရီးယားရဲ့ ကျိုးကြောင်းဆီလျော်တဲ့ အကျိုးစီးပွားကို မျှမျှတတ ဖြေရှင်းပေးသင့်တယ် ဆိုတာ ရှီက အပြည့်အဝ သဘောတူတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက ပြောပါတယ်။

ဒွီဗွီဘီ