ကွန်ဂိုသမ္မတ ရွေးကောက်ပွဲ၌ အတိုက်အခံပါတီခေါင်းဆောင် အနိုင်ရ

ကွန်ဂိုသမ္မတရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဖီးလစ် ရှီဆီကေဂျီ အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒီရွေးကောက်ပွဲရလဒ်ဟာ ၁၉၆၀ ခုနှစ် ဘယ်လ်ဂျီယံကနေ လွတ်လပ်ရေးရပြီးကတည်းက ပထမဆုံး ဒီမိုကရက်တစ် နည်းလမ်းတကျ အာဏာလွှဲပြောင်းမှု ဖြစ်လာမှာပါ။

ဒီရလဒ်ကြောင့် ကာလရှည် သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျိုးဆက် ခါလီဘာဟာ လာမယ့်ရက်တွေမှာ ရာထူးကနေ ဆင်းပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွန်ဂို ကက်သလစ်ဘုရားကျောင်းက ပြုလုပ်တဲ့ မဲရေတွက်မှုမှာ တခြား အတိုက်အခံ ကိုယ်စားလှယ်လောင်း မာတင် ဖာယုလု ရှင်းရှင်းလင်းလင်း အနိုင်ရတာကို တွေ့ရတယ်လို့ သံတမန် ၂ ဦးက ဆိုပါတယ်။

ဒီအတွက် အနိုင်အရှုံး မသဲကွဲတဲ့ အခြေအနေကနေ အကြမ်းဖက်မှု ဖြစ်လာမှာကို အတော်များများက စိုးရိမ်နေကြပါတယ်။

ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ မဲရလဒ်အရ ဖီးလစ် ရှီဆီကေဂျီဟာ မဲအရေအတွက်  ၇ သန်းကျော်၊ မာတင် ဖာယုလုက ၆ ဒသမ ၄ သန်းနဲ့ သမ္မတ ခါလီဖာ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း အီမန်နူရယ် ရာမာဇန်နီက ၄ ဒသမ ၄ သန်း ရခဲ့ပါတယ်။

ဒွီဗွီဘီ