စပိန်နန်းတော်မှ ချီးမြှင့်တဲ့ Queen Sofia ဆုကို လက်ခံရရှိခဲ့တဲ့ မာတာ
မန်ယူအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားမာတာဟာ စပိန်ဘုရင်မကြီးဆိုဖီယာ ကိုယ်တိုင်ချီးမြှင့်တဲ့ ” Queen Sofia” ဆုကို စပိန်နန်းတော် အယ်လ်ပါဒိုမှာ မနေ့က လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။ ဘုရင်မကြီးဆိုဖီယာဟာ Common Goal လို့ ခေါ်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို တည်ထောင်ကာအများအကျိုးကို ဆောင်ရွက်နေတဲ့ မာတာ ရဲ့လုပ်ရပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို တော်ဝင်ဆုတံဆိပ်တစ်ခုကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မာတာဟာ ၎င်းရရှိနေတဲ့ လစာရဲ့ ၁ ရာခိုင်နှုန်းကို လိုအပ်နေတဲ့သူတွေကို ထောက်ပံ့ပေးတဲ့ Common Goal ပရော ဂျက်ကို ၂၀၁၇ ခုနှစ် ၈ လပိုင်းမှာ စတင်မိတ်ဆက်ကာ တခြားအားကစားသမားတွေကိုလည်း သူနဲ့အတူ အဲ့ဒီပရောဂျက် မှာ ပါဝင်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ၁ နှစ်ခွဲအကြာ လက်ရှိအချိန်မှာတော့ Common Goal ပရဟိတအဖွဲ့ ကို အားကစားသမားတွေနဲ့ တခြားနယ်ပယ်ကလူတွေ အပါအ၀င် လူပေါင်း ၄၂၆ ယောက်ဟာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတုန်းက Common Goal ပရဟိတအဖွဲ့က တာဝန်ရှိသူတွေဟာ အလှူငွေစုစုပေါင်း ပေါင် ၈၀၀,၀၀၀ အထိ လက်ခံရရှိထားတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပြီး အကူအညီလိုအပ်နေတဲ့ သူတွေကို တက်စွမ်းသလောက် ကူညီသွားမယ်လို့ အသိပေးပြောဆိုခဲ့ပါတယ်။ Common Goal ဟာ အခုချိန်မှာ HIV , AIDS ရောဂါဝေဒနာကို ခံစားနေရတဲ့ သူတွေအပြင် တခြားရောဂါဝေဒနာရှင်တွေကိုလည်း တက်နိုင်သလောက် အကူအညီပေးနေတယ်လို့ သိရပါတယ်။ Common Goal အဖွဲ့ကို မကြာသေးခင်ကမှ ၀င်ရောက်လာခဲ့တဲ့ ဘရိုက်တန်ကစားသမားဘာလိုဂန်က သူ့အနေနဲ့ ဒီအဖွဲ့ထဲကို ဘာကြောင့် ၀င်ခဲ့တာလဲဆိုတာကို အင်တာဗျုးတစ်ခုမှာ အခုလို ပြောသွားခဲ့ပါတယ်။
သူက ” ကျနော့်ဘ၀လောက် ကံမကောင်းဘဲ အကူအညီလိုအပ်နေတဲ့ လူတွေကို ကျနော်ကူညီပေးချင်ပါတယ် ၊ ကျနော်တို့တွေဟာ လူမှုပတ်ဝန်းကျင်မှာ လူတွေ စံထားရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်အောင် နေထိုင်ရမှာပါ ၊ ကိုယ့်ဘ၀လောက်အခြေ အနေမကောင်းတဲ့ သူတွေ ငွေကုန်ကြေးကြများတဲ့ ကုသမှုတွေကို မတက်နိုင်တဲ့ ရောဂါဝေဒနာရှင်တွေကို ကူညီပေးရပါ လိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။
Common Goal ပရဟိတအဖွဲ့ကြီးဟာ အဆင်ပြေစွာ ရှေ့ဆက်နေပြီး အများအကျိုးကို ဆောင်ရွက်ရာမှာ အောင်မြင်နေတဲ့ အတွက် စပိန်နန်းတော်မှ တော်ဝင် ဆုတံဆပ်ပေးအပ်ချီးမြှင့်ခံရတဲ့ မာတာကို မန်ယူ ပရိသတ်တွေ သာမက တခြား အသင်းက ပရိသတ်တွေနဲ့ဘောလုံးလောကအပြင်က လူတွေအားလုံးကပါ ဆိုရှယ်မီဒီယာပေါ်တွေပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
* 90Minutes