မြန်မာ့လက်ဝှေ့ကျော် ချန်ပီယံဟောင်း စောငမန်း ကစားသမားဘ၀မှ အနားယူ

အသက်အရွယ်ကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားဘ၀မှ အနားယူပြီဖြစ်ကြောင်း ချန်ပီယံဟောင်း စောငမန်းက ပြောသည်။

အသက် (၃၉) နှစ်အရွယ်ရှိ စောငမန်းသည် မြန်မာ့ရိုးရာလက် ဝှေ့လောကတွင် အနှစ် ၂၀ ကျော် ဖြတ်သန်းခဲ့ပြီး ရိုးရာလက်ဝှေ့ အောင်လံ ၁၀ ခုကျော်နှင့် ၂၀၀၈ မှ ၂၀၁၁ အထိ ဒဂုံအောင်လံ လေးနှစ်ဆက် ချန်ပီယံဆု ရရှိဖူး သည့်အပြင် မြန်မာပြည် အလွတ်တန်းရွှေခါးပတ် ချန်ပီယံဆုကိုလည်း ၂၀၀၉ က ရရှိဖူးသည်။ ထို့အပြင် ၎င်းသည် ၂၀၁၃ အရှေ့ တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင်လည်း ငွေတံဆိပ် ရရှိဖူးသည်။

သို့သော် လက်ရှိတွင် အသက်အရွယ်ကြောင့် လက်ဝှေ့ ဆက်လက် ကစားရန် မဖြစ်နိုင်တော့သဖြင့် ကစားသမား ဘ၀ကို စိတ်မကောင်းစွာဖြင့် နှုတ်ဆက်ခဲ့ရကြောင်း စောငမန်းက ပြောသည်။

‘‘ကြိုးဝိုင်းပေါ်မှာ သွေးမြေကျ၊ ချွေးမြေခပြီး နောက်ဆုံးနှုတ်ဆက်ရတာကို တကယ်ဝမ်းနည်းရပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က အောင်မြင့်ဝင်းဆိုတဲ့ ကြားပွဲလေးတွေ စထိုးကတည်းက အားပေးခဲ့တဲ့ ပရိသတ်တွေ၊ ကျွန်းမောင်မောင် ဘဝနောက် စောငမန်းဆိုပြီး  အောင်လံရကတည်းက ကိုယ်ချစ်တဲ့ ကိုယ့်ကို တန်ဖိုးထား အပြန်အလှန် လေးစားလာကြတာပါ။ အခုတော့ ရိုးရာလက်ဝှေ့သမားဘဝက လုံးဝ အနားယူပြီဆိုတော့ ကြိုးဝိုင်း အတွင်း ငယ်ငယ်ကတည်းက ကျခဲ့တဲ့ ချွေးတွေ၊ သွေးတွေနဲ့အတူ အခုလည်း သွေးတွေ၊ ချွေးတွေ ထားခဲ့ပါတယ်’’ ဟု စောငမန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နှုတ်ဆက်စကား ရေးသားခဲ့သည်။ ရိုးရာလက်ဝှေ့ ကစားသမားဘ၀မှ အနားယူခဲ့သော်လည်း နည်းပြဘ၀ ဆက်လက်လုပ်ဆောင်ကာ မျိုးဆက်သစ်ကစားသမားများ မွေးထုတ်မည်ဖြစ်ကြောင်း စောငမန်းက ပြော သည်။

မြန်မာ့ရိုးရာလက်ဝှေ့ကျော်  စောငမန်းသည် ၎င်း၏ နောက်ဆုံးပွဲအဖြစ် ဇန်န၀ါရီ ၈ ရက်က တောင်ကလေး ကရင်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ထိုင်းလက်ဝှေ့ကျော် ဖလင်းယားနှင့်အကြိတ်အနယ် ထိုးသတ်ကာ ပူးတွဲ သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ယင်း ပွဲအပြီး၌ ရိုးရာလက်ဝှေ့လောကမှ အနားယူပြီ ဖြစ်ကြောင်း စောငမန်းက ပရိသတ်များကို ကြေညာခဲ့သည်။

စောငမန်းကို မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားဘ၀တွင် အောင်မြင်ခဲ့သလို နည်းပြဘ၀တွင်လည်း အောင်မြင် စေလိုကြောင်း လက်ဝှေ့ပွဲများ စီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။

‘‘သူနဲ့ ပတ်သက်တဲ့ အမှတ်တရလို့ ပြောရရင်တော့ ကျွန်တော် စီစဉ်တဲ့ ဒဂုံအောင်လံပွဲမှာ လေးနှစ်ဆက် ချန်ပီယံဖြစ်ခဲ့တာပါပဲ။ သူ့အတွက်လည်း အမြဲအမှတ်ရနေမှာပါ။ ကစားသမားဘ၀ နားသွားပေမယ့် ရိုးရာ လက်ဝှေ့လောကကတော့ သူ့ကို မပျောက်သွားစေချင်ဘူး။ ကစားသမားဘ၀ကလို နည်းပြဘ၀မှာ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်စေချင်တယ်’’ ဟု ၎င်းက ပြော သည်။

စောငမန်းသည် လက်ရှိတွင် ရွှေဖူးရိုးရာလက်ဝှေ့ကလပ် တည်ထောင်ထားပြီး မိုက်ရိုင်း၊ ဖိုးလပြည့် အစရှိသည့် လူငယ်မျိုးဆက်သစ်ကစားသမားများ မွေးထုတ် ပေးနေသည်။   

7Days