မြောက်ကိုရီးယားခေါင်းဆောင်၏ တရုတ်ခရီးစဉ် ပြီးဆုံး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံ အရှေ့မြောက်နယ်စပ်ကို သွားခဲ့ပြီး ဇန်နဝါရီ ၉ ရက်က မြို့တော် ဘေဂျင်းကနေ ပြန်လည် ထွက်ခွာသွားပါတယ်။

ကင်ဟာ သက်ဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ပြောပါတယ်။

ကင်ဟာ အကြီးတန်းအရာရှိ အတော်များများနဲ့အတူ ပြုံယမ်းကနေ ကိုယ်ပိုင်ရထားနဲ့ ဇန်နဝါရီ ၇ ရက်နေ့က ထွက်လာတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက ထုတ်ပြန်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဒီခရီးစဉ်ကို စီစဉ်တာဖြစ်တယ်လို့ ကေစီအန်အေနဲ့ တရုတ်အစိုးရမီဒီယာ ဆင်ဟွာတို့က ပြောပါတယ်။

နိုင်ငံတကာဒဏ်ခတ်မှု ပြေလျော့ရေး တရုတ်က ကူညီဖို့ ကင်ဂျုံအန်း ကြိုးစားနေတယ်၊ ရှီနဲ့ ကင်တို့ဟာ ထရမ့်နဲ့ ကင်တို့ရဲ့ ထိပ်သီးညီလာခံမတိုင်ခင် သူတို့ချင်း ညှိနှိုင်းဆောင်ရွက်မှုရဲ့ တန်ဖိုးကို သိမြင်ကြတယ်လို့ နိုင်ငံတကာ လေ့လာရေးနဲ့ ဗျူဟာဌာန အကြီးတန်း အကြံပေး ဘွန်နီ ဂလာဆာက ပြောပါတယ်။ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှု ဖြေလျော့ရေး ကုလသမဂ္ဂက စဉ်းစားသင့်တယ်လို့ တရုတ်နဲ့ ရုရှားက ပြောခဲ့ပါတယ်။

ဒါပေမယ့် နျူကလီးယားအရေးမှာ အပြုသဘောရလဒ် ထွက်တယ်လို့ အမေရိကန်က ရှုမြင်လာချိန် မတိုင်ခင်အထိ ဒဏ်ခတ်မှုကို အပြည့်ဆက်ထားမယ်လို့ ထရမ့်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြေရှင်းဖို့ ၂ နိုင်ငံအရာရှိတွေ ဘေဂျင်းမြို့တော်မှာ စည်းဝေးနေတဲ့ ဒုတိယမြောက်နေ့မှာ ကင် ရောက်လာခဲ့တာပါ။ ရှီဟာ ကင်နဲ့ ဆွေးနွေးပွဲကနေ အကျိုးအမြတ်ရတာ ရှိခဲ့တယ်၊ ဒီ့ထက်ပိုပြီး ချိန်သားကိုက်မှု မရှိဘူးလို့ အမေရိကန် တတ်သိပညာရှင်နဲ့ အမျိုးသားအကျိုးစီးပွားဌာန ကာကွယ်ရေး လေ့လာမှုဌာန ညွှန်ကြားရေးမှူး ဟယ်ရီ ခါဇီယာနစ်စ်က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန် အရာရှိတွေ ကုန်သွယ်ရေးစစ်ပွဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာ ဆွေးနွေးနေချိန်မှာ တရုတ်အစိုးရက သင့်တော်ရင် ထုတ်ကစားဖို့ မြောက်ကိုရီးယားဖဲချပ်ကို ပြလိုက်တာပဲလို့လည်း သူက ပြောပါတယ်။

ကင်ဟာ ဘေဂျင်းကို လေးကြိမ်မြောက် အလည်အပတ်ခရီးအဖြစ် ရောက်လာတာပါ။ ကင်ဟာ ဆေးဝါးစက်ရုံကို သွားရောက်လည်ပတ်အပြီး အင်္ဂါနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တနာရီကြာ တွေ့ဆုံဆွေးနွေးပါတယ်။

အဲဒီနေ့ဟာ ကင်ရဲ့မွေးနေ့လည်းဖြစ်ပြီး ခေါင်းဆောင် ၂ ဦးဟာ ဇနီးတွေနဲ့အတူ ဘေဂျင်းမြို့တော်က ပြည်သူ့ခန်းမမှာ ညစာစားတယ်လို့ တောင်ကိုရီးယားအခြေစိုက် ယုံဟပ် သတင်းဌာနက ဖော်ပြပါတယ်။ ခရီးစဉ်အသေးစိတ်ကိုတော့ မြောက်ကိုရီးယားနဲ့ တရုတ်အစိုးရတွေက မဖော်ပြခဲ့ပါဘူး။  

ဒီဗွီဘီ