မြန်မာပြည် အမျိုးသမီး ရိုးရာလက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို ဘရော်နီကာဆွတ်ခူး

မြန်မာပြည်အမျိုးသမီး ရိုးရာလက်ဝှေ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် နောင့်အော်ကို ပထမအချီအတွင်း အလဲထိုးဖြင့်အနိုင်ရပြီး   ချန်ပီယံရွှေခါးပတ် ဆွတ်ခူးခဲ့သည်။

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မြန်မာ ပြည် အမျိုးသမီး ချန်ပီယံရွှေခါး ပတ်လုပွဲကို ဇန်န၀ါရီ ၄ ရက်က တောင်ငူမြို့ရှိ ကေတုမတီမိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။ 

ယင်းအမျိုးသမီးချန်ပီယံခါး ပတ်လုပွဲတွင် ဘရော်နီကာက လက်ရည်အသာဖြင့် ထိုင်းလက်ဝှေ့မယ် နောင့်အော်ကို ထိုးသတ်နိုင်ခဲ့သည်။ ပွဲအစစက္ကန့် ၃၀ ကျော်၌ ဘရော်နီကာ၏ ဖြောင့်လက်သီးများကြောင့် နောင့်အော် အထိနာခဲ့ပြီး အနားတောင်းခဲ့ရသည်။ ထို့နောက်ဆက်လက်ယှဉ်ပြိုင်ရာ ဘရော်နီကာ၏ လက်သီးချက်၊ ခြေကန်ချက်များကြောင့် နောင့်အော်အကြိမ်ကြိမ် လဲကျခဲ့ပြီး အမှတ်စဉ်သုံးကြိမ်အထိ ရေတွက်ခံရကာပထမအချီ ၂ မိနစ် ကျော်၌ပင် အရှုံးပေးခဲ့ရသည်။

ယင်းလက်ဝှေ့စိန်ခေါ်ပွဲတွင်  အမျိုးသမီး ချန်ပီယံလုပွဲအပြင် မြန်မာ – ထိုင်းရိုးရာလက်ဝှေ့တွဲဆိုင်းနှစ်ဆိုင်းနှင့် ပြည်တွင်းပွဲ လေးပွဲထိုးသတ်ခဲ့သည်။ 

မြန်မာ – ထိုင်းစိန်ခေါ်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော်နေရူဘီက ထိုင်းလက်ဝှေ့သမား ၀ိထရာကို တတိယအချီ၌ အလဲထိုးဖြင့်   အနိုင်ရသော်လည်း အခြားပွဲတွင် ထိုင်းလက်ဝှေ့သမားချိုင်ပူရိက မြန်မာ့လက်ဝှေ့ ကျော်လင်းမယူ ကို တတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်တွင်း  ပွဲစဉ်လေးပွဲ၌ စစ်မင်းက ငွေနန်းတော်၊ နိုင်ဝင်ထွန်းက အောင်သက်၊ တေဇက နာဂစ်၊ တိုက် ကျားက ၀ါးဝါးတို့ကို အသီးသီးအနိုင်ရခဲ့သည်။

7Days