လန်ဒန်မှာ တွေ့ရအုံးမယ့် နာဆရီ

အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ခြေစွမ်းပြကစားခဲ့ပြီး မန်စီတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူထားနိုင်ခဲ့တဲ့ ကစားသမား နာဆရီကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းနဲ့အတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။

အသင်းနဲ့ စာချုပ်ချုပ်ဆိုမှုဟာ ယခုနှစ် ၂၀၁၉ ခုနှစ်ကုန်ဆုံးအချိန်ထိလို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ နာဆရီကတော့ တားမြစ်ဆေးအမှုနဲ့ ဘောလုံးကစားခွင့် ၁၈ လ ပိတ်ပင်ခြင်း ခံရပြီး နောက်ပိုင်းမှာတော့ နာဆရီ အနေနဲ့ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အရင် မန်စီးတီးအသင်းနဲ့မှာ နည်းပြဖြစ်ခဲ့သူ ပီလီဂယ်ရီက ဝက်ဟမ်းအသင်းနဲ့အတူ လာရောက် ကစားဖို့ ခေါ်ယူခဲ့တာလို့လည်း သိရပါတယ်။

“ကျွန်တော် အနေနဲ့ ဝက်ဟမ်းအသင်းကို ရွေးချယ်ခဲ့တယ်။ လန်ဒန်မြေမှာ ဝက်စ်ဟမ်းအသင်းဟာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေကို ရယူသွားပါ့မယ်” ဆိုပြီး ပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က နာဆရီနဲ့အတူ လက်တွဲခဲ့တဲ့ ယခုဝက်စ်ဟမ်းနည်းပြဖြစ်သူ ပီလီဂယ်ရီကတော့ “ မန်စီးတီးအသင်းမှာကတည်းက သူ့ရဲ့ ဆော့ကစားပုံတွေကို နှစ်သက်ခဲ့ပါတယ်။

အခုတစ်ခါမှာလည်း အသင်းမှာ ပါဝင်လာမယ်ဆိုတော့ ရင်ခုန်နေရပါတယ်” လို့ ဆိုခဲ့ပါတယ်။ လက်ရှိ အနေအထားမှာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ နာဆရီအနေနဲ့ အသင်းသစ်နဲ့အတူ ဘယ်လိုအောင်မြင်မှုတွေ ဖော်ဆောင်သွားမလဲ ဆိုတာကတော့ စောင့်ကြည့်သွားဖို့တော့ ရှိနေပါတယ်။

Ref: skysports