ထာဝရအကြီးကျယ်ဆုံးနည်းပြအဖြစ် မဲပေးခံရတဲ့ ဖာဂူဆန်

မန်ယူအသင်းကို ၂၆ နှစ်ခွဲ ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဆုဖလား ၃၈ လုံး ဆွတ်ခူးခဲ့တဲ့ နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကြီးကျယ်ဆုံး နည်းပြအဖြစ် မဲပေးရွေးချယ်ခံခဲ့ ရပါတယ်။
၁၉၈၆ ခုနှစ်က မန်ယူအသင်းကို စတင်တာဝန်ယူခဲ့တဲ့ ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ဖလား ၁၃ လုံး၊ အက်ဖ်အေဖလား ၅ လုံး၊ ချန်ပီယံလိဂ်ဖလား ၂ လုံးအပါအဝင် ဖလား ၃၈ လုံး ဆွတ်ခူးခဲ့သူပါ။

SportsBible သတင်းဌာနက အွန်လိုင်းပေါ်ကနေ သဘောထားအမြင် ကောက်ခံရာမှာ မဲပေးသူ ၃၀၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဖာဂူဆန်က ထာဝရအကြီးကျယ်ဆုံးနည်းပြအဖြစ် ၇၇ ရာခိုင်နှုန်း မဲရရှိခဲ့ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက မဲ ၁၁ ရာခိုင်နှုန်း၊ ဘရိုင်ယန်ကလော့ဂ်ျက မဲ ၈ ရာခိုင်နှုန်း၊ ဂျိုဟန်ခရိုက်ဖ်က မဲ ၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ဖာဂူဆန်ဟာ တပည့်ဟောင်း ဆိုးလ်ရှားရဲ့ ဖိတ်ခေါ်ချက်အရ ပြီးခဲ့တဲ့စနေနေ့က မန်ယူအသင်းရဲ့ ကာရင်တန် လေ့ကျင့်ကွင်းကို သွားရောက်ခဲ့ပါတယ်။ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့နှစ် မေလက ဦးနှောက်သွေး ယိုစိမ့်မှုကြောင့် ခွဲစိတ်မှုခံရပြီးနောက်ပိုင်း ကာရင်တန်ကွင်းမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ၉၂ မျိုးဆက် တပည့်ဟောင်းတွေ ပိုင်ဆိုင်တဲ့ ဆဲလ်ဖို့ဒ်အသင်းနဲ့ ဝရက်ဇ်ဟမ်းအသင်းတို့ ကစားခဲ့တဲ့ပွဲကို သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ဖာဂူဆန်နဲ့အတူ မန်ယူအသင်းဂန္ထဝင် ကစားသမားဟောင်း ဒင်းနစ်လောလည်း အဲဒီပွဲကို လာကြည့်ခဲ့ပါတယ်။ ဆဲလ်ဖို့ဒ်အသင်းကို ရိုင်ယန်ဂစ်၊ ဂယ်ရီနဗီးလ်၊ နစ်ကီဘတ်စတဲ့ ၉၂ မျိုးဆက် ကစားသမားတွေက ပိုင်ဆိုင်တာပါ။

_Ref: Skysports