စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှု ဂျပန်ပြန်လည် ခွင့်ပြု

ဂျပန်နိုင်ငံအနေဖြင့် ဝေလငါး ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာကော်မရှင်(IWC) မှ နုတ်ထွက်ပြီး လာမည့်နှစ်တွင် စီးပွားဖြစ် ဝေလငါးဖမ်းယူမှု ပြန်လည်စတင်မည်ဖြစ်ကြောင်း နိုင်ငံတကာက ဝေဖန်မည်ဟု မျှော်လင့်ရသော လုပ်ရပ်တစ်ခုအတွင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယင်းကြေညာချက် ထွက်ပေါ်လာမည်ဟု ကျယ်ကျယ်ပြန့် ပြန့် မျှော်လင့်ထားပြီး ဂျပန်က စီးပွားဖြစ် ဝေလငါးဖမ်းမှု ပြန်လည်စတင်ခွင့်ပြုရေး IWC ကို ယခုနှစ် စောစောပိုင်းက စည်းရုံးရန် ကြိုးပမ်းမှုမအောင်မြင်ဖြစ်ခဲ့ ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ဇူလိုင်တွင် စီးပွားဖြစ် ဝေလငါးဖမ်းယူမှု ပြန်စနိုင်ရေး IWC မှ မိမိတို့ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အစိုးရပြော ရေးဆိုခွင့်ရှိသူ ယိုရှီဟီဒီဆူဂါက သတင်းထောက်များအား ပြောကြားသည်။

လာမည့်နှစ် ဇူလိုင်တွင် ပြန်စမည့် စီးပွားဖြစ် ဝေလငါးဖမ်းယူမှုကို ဂျပန်နယ်နိမိတ်ဆိုင်ရာ ရေပြင်များနှင့် အထူးစီးပွားရေး ဇုန်များ၌သာ ကန့်သတ်လုပ်ဆောင်မည်ဖြစ်ပြီး အန္တာတိတ်ရေ ပြင် (သို့မဟုတ်) တောင်ပိုင်းရေ ပြင်တွင် ဖမ်းဆီးမည်မဟုတ်ကြောင်း ဆူဂါက ထပ်လောင်း ပြောကြားသည်။

ဂျပန်က နုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်တွင် IWC သို့ တရားဝင်အကြောင်းကြားမည်ဖြစ်ကြောင်း ဆူဂါက ပြောသည်။

IWC မှ နုတ်ထွက်ပါက လက်ရှိ IWC က ကာကွယ်ထားသော ဂျပန်ကမ်းရိုးတန်း ရေပြင်များတွင် ဝေလငါး ဖမ်းဆီးမှုကို ဂျပန်က ပြန်စနိုင်မည်ဖြစ်သည်။

ဂျပန်အပြင် အိုက်စလန်နှင့် နော်ဝေးတို့က စီးပွားဖြစ် ဝေလငါးဖမ်းယူမှုအပေါ် IWC ၏ တားမြစ်မှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်၍ ဖမ်းဆီးနေသည်။

ဂျပန်သည် ဝေလငါးများ ဖမ်းဆီးနေသည်မှာ ရာစုနှစ်နှင့် ချီနေပြီဖြစ်ပြီး ၎င်းတို့နိုင်ငံ အလွန် ဆင်းရဲခဲ့သည့် ဒုတိယကမ္ဘာစစ် အလွန် စောစောပိုင်းနှစ်များအတွင်း ဝေလငါး အသားများကို အဓိက ပရိုတင်းရင်းမြစ်အဖြစ် စားသုံးခဲ့သည်။

သို့သော် မကြာမီနှစ်များက ဂျပန်တွင် ဝေလငါး စားသုံးမှု သိသိသာသာ လျော့ကျခဲ့သည်။

—Ref: AFP