ရီးရဲလ်မက်ဒရစ်အသင်း ဖီဖာကလပ် ကမ္ဘာ့ဖလားကို လေးကြိမ်မြောက်စံချိန်တင် ဆွတ်ခူး

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ကစားသော ဖီဖာကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ရီးရဲလ်မက်ဒရစ်က အယ်လ်အိမ်း ကို ၄-၁ ဂိုးဖြင့် သက်သောင့်သက် သာအနိုင်ယူပြီး ယင်းဖလားကို လေးကြိမ်မြောက် စံချိန်တင် ရရှိခဲ့သည်။
ယင်းပွဲတွင် အဖွင့်ဂိုးသွင်းခဲ့သူ ကမ္ဘာ့အကေင်းဆုံးဘောလုံးသမားဆုရှင် မိုဒရစ်အနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့်အတူ ဆုဖလား (၁၅) ကြိမ်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲတစ်ပွဲ၌ ဂိုးသွင်းနိုင်ခြင်းသည် ပထမဆုံးဖြစ်သည်။

ရီးရဲလ်သည် ၂၀၀၀ပြည့်နှစ် က စတင်ကျင်းပခဲ့သော ဖီဖာကလပ်ကမ္ဘာ့ဖလားတွင် ဘာစီလိုနာကို တစ်ကြိမ် အသာဖြင့် ကျော်ဖြတ်ကာ အအောင်မြင်ဆုံး အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ယခုဗိုလ်စွဲမှုသည် သုံးကြိမ် ဆက်တိုက် ဗိုလ်စွဲမှုလည်းဖြစ်သည်။

‘‘ဗိုလ်စွဲလို့ ကျွန်တော်တို့ အလွန်ပဲပျော်ပါတယ်။ ကစားသမားတွေက ဒီဆုဖလားနဲ့ထိုက်တန်ပါတယ်’’ ဟု နည်းပြ တစ်ဦးအဖြစ် ရီးရဲလ်နှင့်အတူ ပထမဆုံးဆုဖလားရရှိခဲ့သည့် ဆိုလာရီက ပြော သည်။

‘‘ဒါက ချန်ပီယံလိဂ်ဖလား သုံးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာကို အချိုပေါ်သကာလောင်းတာပါ။ အသင်းအတွက် ဒီအစုအဖွဲ့အတွက်နဲ့ တခြားနည်းပြတွေအတွက် ဒါကကြီးကျယ်တဲ့ေ အာင်မြင်မှုပါ။ နည်းပြဟောင်း ဇီဒန်းရဲ့ ကျေးဇူးကို ကျွန်တော်တို့ မေ့ဖျောက်လို့ မရနိုင်ပါဘူး။ ရီးရဲလ်မက်ဒရစ် စွမ်းဆောင်ပြသလိုမျိုး လိုက်လုပ်ပြဖို့ တခြားဘယ်အသင်းတွေမဆို ခက်ခဲတော့မှာပါ’’ ဟု ၎င်းက ထပ်လောင်းပြောသည်။

အယ်လ်အိမ်းနည်းပြဇိုရန် မာနစ်က ရီးရဲလ်မက်ဒရစ်သည် ခြေစွမ်း ကောင်းလွန်းသည်ဟု ဝန်ခံသည်။

‘‘ရီးရဲလ်မက်ဒရစ်ကို ဂုဏ်ပြုရပါမယ်’’ ဟု မာနစ်ကပြောသည်။

ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အကောင်းဆုံးဘောလုံးသမားဆုကို ပြိုင်ပွဲတစ်လျှောက် သုံးဂိုးသွင်းပြီး ခြေစွမ်း ပြခဲ့သည့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က ရရှိသည်။

—Ref:Reuters/fifa.com