စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် နိုင်ဂိုလန်ကို အင်တာမီလန် အရေးယူ

အင်တာမီလန်အသင်းဟာ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် ကွင်းလယ်လူနိုင်ဂိုလန်ကို အရေးယူခဲ့ပါတယ်။

အဆိုပါ ဘယ်ဂျီယံကွင်းလယ်ကစားသမားဟောင်းဟာ လေ့ကျင့်ရေးအစီအစဉ်ကို နောက်ကျခဲ့တာကြောင့် အခုလို အရေးယူခံခဲ့ရတာပါ။ အခုလိုနိုင်ဂိုလန် လေ့ကျင့်ရေးအစီအစဉ်နောက်ကျတာ ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

အသက်(၃၀)အရွယ်နိုင်ဂိုလန်ဟာ ငွေကြေးများစွာပေးဆောင်ဖို့လည်း ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရိုးမားကနေ အင်တာမီလန်ကို နိုင်ဂိုလန် ရောက်ရှိလာခဲ့တာပါ။ သူဟာ အင်တာမီလန်အသင်းအတွက် (၁၅)ပွဲမှာ (၃)ဂိုးသွင်းယူပေးထားပါတယ်။

အခုလို အရေးယူခံထားရတာကြောင့် နိုင်ဂိုလန်အနေနဲ့ ဒီဇင်ဘာလ(၂၆)ရက်၊ ဆန်စီရိုမှာ နာပိုလီနဲ့ ကစားမယ့် စီးရီးအေ အရေးကြီးပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ ရိုးမားမှာ ကစားတုန်းကလည်း နိုင်ဂိုလန်ဟာ New Year အကြိုမှာ အရက်မူး၊ ဆေးလိပ်သောက်ပြီး ဆဲဆိုတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာလို့ ၂၀၁၈ အစ ရိုးမားအသင်းရဲ့ ပွဲစဉ်တစ်ခုမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

နိုင်ဂိုလန်ဟာ နွေရာသီက ရုရှားမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အတွက် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

-Ref: Skysports