ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်း အကောင်းဆုံးကစားသမားဆုရ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၂၁ အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့ပြီး အုပ်စုတွင်းမှာ ဗီယက်နမ်ကို ၁ ဂိုး၊ မလေးရှားကို ၁ ဂိုးနဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အိမ်ရှင် ဗီယက်နမ်ကို ၁ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး အိမ်ရှင် ဗီယက်နမ် ယူ-၂၁ အသင်း၊ မလေးရှား ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနဲ့ တောင်ကိုရီးယား GIMHAE CFC ယူ-၂၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

အုပ်စုတွင်း ပတ်လည်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ၅ – ၂ ဂိုးနဲ့ရှုံး၊ တောင်ကိုရီးယား GIMHAE CFC အသင်းကို ၁ – ၀ ဂိုးနဲ့ ရှုံးပြီး မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

အုပ်စုပတ်လည် ယှဉ်ပြိုင်အပြီး အိမ်ရှင် ဗီယက်နမ်အသင်းက ၃ ပွဲစလုံးအနိုင်ရကာ ၉ မှတ်နဲ့ အုပ်စု ပထမရပြီး မြန်မာ၊ မလေးရှားနဲ့ တောင်ကိုရီးယား GIMHAE CFC အသင်းတို့က တပွဲစီနိုင် ရမှတ် ၃ မှတ်စီ တူပေမယ့် မြန်မာအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ဒုတိယနေရာကနေ ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။

အုပ်စု ထိပ်ဆုံးနှစ်သင်း နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ရတာကြောင့် အိမ်ရှင် ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ မနေ့က ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၉၀ မှာ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်မှာ မြန်မာအသင်းက ဦးဆောင်ဂိုးတွေရခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပထမဂိုး၊ ၅၅ မိနစ်မှာ စိုးလွင်လွင်က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ဗီယက်နမ်အသင်းအတွက် ချေပဂိုးတွေကိုတော့ ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်း ၆၃ မိနစ်တို့မှာ သွင်းယူခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း သရေကျတဲ့အတွက် အချိန်ပိုမကစားဘဲ ပယ်နယ်တီ ကန်သွင်းရာမှာ ဗီယက်နမ်က ၅ ဂိုးစလုံးဝင်အောင် ကန်သွင်းနိုင်ပြီး မြန်မာက ၃ ဂိုးပဲ ဝင်တဲ့အတွက် ဗီယက်နမ်က ဗိုလ်စွဲပြီး မြန်မာယူ-၂၁ အသင်းကတော့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ 

*DVB