မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး

မြိတ်၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တနင်္သာရီ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ မိနစ် ၅ဝ က တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက အဖွင့်လမ်းညွှန်အမှာစကား ပြောကြားရာ တွင် မိမိတို့ပါတီသည် ပြည်သူလူထုများနှင့် ထိတွေ့ပြီး ပါတီ၏မူဝါဒများကို ရှင်းလင်းဟောပြောခြင်းနှင့် စည်းရုံးရေးလုပ်ငန်းများကို မြေပြင်သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြိတ်ခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့် ခရိုင်ပါတီကော်မတီဝင် ဦးအေးအောင်တို့က ပါတီ၏ရှေးလုပ်ငန်းစဉ်များ၊ စည်းရုံးရေးလုပ်ငန်းစဉ်များကို ကွင်းဆင်းဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့သည်။
ဆက်လက်၍ တနင်္သာရီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်က မြို့နယ်ပါတီ၏ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပါတီ၏ရှေ့ လုပ်ငန်းစဉ်များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပါတီကော်မတီအဖွဲ့များ၊ ပါတီဝင်ထု များနှင့်တွေ့ဆုံပူးပေါင်းကာ ပါတီလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ နယ်မြေတာဝန်ခံ နှင့် ဒေသခံပါတီကော်မတီဝင်များက ပါတီ၏လုပ်ငန်းစဉ်များကို ကွင်းဆင်းဆောင်ရွက်ကြသည့်အပေါ် လိုအပ်သည့်အခက်အခဲများကို အသီးသီး ပြန်လည်ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်ဆန်းလွင်၊ ခရိုင်ပါတီကော်မတီဝင် ဦးသန်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးသန်းနိုင်တို့က အကြံပြုချက်များ ဆွေးနွေးတင်ပြခဲ့ကြသည်။ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ၄င်းတို့၏ အကြံပြုချက်နှင့် ဆွေးနွေးတင်ပြမှုကို ပြန်လည်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ပြီး ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ရပ်နားခဲ့ကြောင်းသိရသည်။

ဖြူမျိုး(တနင်္သာရီ)