အင်္ဂလန်လေးသင်းစလုံး ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့် တက်ရောက်၊ ဒီဇင်ဘာ ၁၇ ရက်ပွဲစဉ်များ ရွေးချယ်မည်

လီဗာပူး၊ စပါး၊ မန်စီးတီးနှင့် မန်ယူတို့ ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စပိန်မှ သုံးသင်း၊ ဂျာမန်အသင်းသုံးသင်း၊ ပြင်သစ်မှနှစ်သင်း၊ အီတလီမှနှစ်သင်း၊ နယ်သာလန်မှ အေဂျက်ဇ် နှင့် ပေါ်တူဂီမှ ပေါ်တိုတို့ ပါဝင်သည့် (၁၆) သင်းအဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၇ ရက်တွင် မဲနှိုက် ဆုံးဖြတ်မည်ဖြစ်သည်။

(၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ၅ ရက်နှင့် ၆ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်၌ ကျင်းပမည်ဖြစ်သည်။

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်သို့ ပရီးမီးယားလိဂ်မှ လေးသင်းစလုံး တက်ရောက်နိုင်သော်လည်း မန်စီးတီး တစ်သင်းသာ အုပ်စုဗိုလ်နေရာမှ တက်လှမ်းနိုင်ခဲ့ကာ စပါး၊ လီဗာပူးနှင့် မန်ယူတို့သည် အုပ်စုဒုတိယနေရာမှ နောက်တစ်ဆင့် တက်ခဲ့၍ ခက်ခဲသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရနိုင်သည်။

ရှက်တာဒိုးနက်စ်က လိုင်ယွန်ကို နိုင်လျှင် နောက်တစ်ဆင့် တက်နိုင်သော်လည်း သရေကျ သဖြင့် ယူရိုပါလိဂ်တွင် ကစားရမည်ဖြစ်သည်။

အုပ်စု (H) တွင် မန်ယူက ဗလင်စီယာကွင်းတွင် ၂-၁ ဂိုး၊ ဂျူဗင်တပ်က ယန်းဘွိုင်းကွင်း တွင် ၂-၁ ဂိုးဖြင့် အသီးသီး ရှုံးနိမ့်သော်လည်း ဂျူဗင်တပ်က ၁၂ မှတ်ဖြင့် အုပ်စုဗိုလ်၊ မန်ယူက ရမှတ် ၁၀ မှတ်ဖြင့် အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။

ဗလင်စီယာကို ရှုံးနိမ့်သော်လည်း မိမိတို့အနေဖြင့် ခက်ခဲသော အုပ်စုမှ အလုပ်ပြီးမြောက်ခဲ့သည်ဟု မော်ရင်ဟိုက ပြောသည်။

‘‘အုပ်စုအဆင့်မှာ ကျွန်တော်တို့ အရမ်းကောင်းခဲ့တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ ရှိတဲ့ ပြဿနာတွေ၊ ဒဏ်ရာတွေနဲ့ ခြေစစ်ပွဲအောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်’’ ဟု မော်ရင်ဟိုက ပြောသည်။

အုပ်စု (E) တွင် နောက်တစ်ဆင့်တက်ရန် သေချာပြီဖြစ်သော အေဂျက်ဇ်နှင့် ဘိုင်ယန်မြူးနစ်တို့ သုံးဂိုးစီ သရေကျပြီး ဘိုင်ယန်က ၁၄ မှတ်ဖြင့် အုပ်စုဗိုလ်၊ အေဂျက်ဇ်က ၁၂ မှတ်ဖြင့် အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့် တက်ခဲ့သည်။

အုပ်စု (G) တွင် ရီးရဲလ်က စီအက်စ်ကေအေ မော်စကိုကို ၃-၀ ဂိုး၊ ရိုးမားက ဗစ်တိုးရီးယား ပလာဇန်ကို ၂-၁ ဂိုးဖြင့် ရှုံးခဲ့သော်လည်း အုပ်စုဗိုလ်၊ အုပ်စု ဒုတိယဖြင့် အသီးသီးနောက်တစ်ဆင့် တက်ရောက်ခဲ့သည်။

‘‘ဝမ်းနည်းစရာကောင်းပါတယ်။ ရီးရဲလ်ကိုနိုင်တာ၊ ခုနစ် မှတ်ရပြီး နောက်ဆုံးနေရာချိတ် ပြီးတော့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတာ ဝမ်းနည်းစရာကောင်းပါတယ်’’ ဟု ရီးရဲလ်ကွင်းတွင် အနိုင်ရရှိခဲ့သော စီအက်စ်ကေအေ မော်စကို နည်းပြ ဗစ်တာဂွန်ချာရင်ကိုက ပြောသည်။ 

-Ref:Ap/AFP