အာဆင်နယ်က အဓိက ကစားသမားအချို့ကို အနားပေးပြီး ကွာရာဘတ်နှင့် ရင်ဆိုင်မည်

ယူရိုပါလိဂ်တွင်နောက် တစ်ဆင့်တက်ခွင့် သေချာပြီး ဖြစ်သော အာဆင်နယ်က ကွာရာဘတ်ကို လက်ခံ ရင်ဆိုင်ရမည့်ပွဲတွင် အဓိကကစားသမားအချို့ ကို အနားပေးမည်ဖြစ်သော်လည်း မီခီတာယန်နှင့် ကိုစီယံနီတို့ ပွဲထွက် ကစားမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အမ်မရီကပြော သည်။

ပြိုင်ပွဲအရပ်ရပ် ပြီးခဲ့သည့် ၂၁ ပွဲတွင် ရှုံးပွဲမရှိခဲ့သော အာဆင်နယ်သည် ကွာရာဘတ်ကို အရန်ကစားသမား အများစုနှင့် ရင်ဆိုင်မည်ဖြစ်သော်လည်း ရှုံးပွဲ မရှိသောအခြေအနေကို ဆက်ထိန်းရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အမ်မရီက ပြောသည်။

အာဆင်နယ်နှင့်အတူ ယူရိုပါလိဂ်နောက်ဆုံး (၃၂) သင်းအဆင့်နှင့် သေချာပြီးဖြစ်သော ချယ်လ်ဆီးလည်း ဗီဒီယိုတန်အသင်းကို သွားရောက်ရင်ဆိုင်ရန် ပြင်ဆင်နေစဉ် အဓိက ကစားသမား များကို အနားပေးထားမည်ဟု ချယ်လ်ဆီး နည်းပြဆာရီက ပြောသည်။ ဆာရီက ယင်းပွဲတွင်တိုက် စစ်မှူး မိုရက်တာကိုထည့်သွင်း ကစားရန် စီစဉ်ထားကြောင်း ပြောကြားသည်။

အုပ်စု (J) တွင် ဆီဗီလာအတွက် နောက်တစ်ဆင့်တက်ရေး အုပ်စုထိပ်ဆုံးရှိ ခရက်စ်နိုဒါကို အနိုင်ကစား ရမည် ဖြစ်ပြီး ဆီဗီလာနည်းပြ ပါဘလိုမာချင်က ယင်းပွဲသည် မိမိတို့အတွက် သေရေး၊ ရှင်ရေးတမျှ အရေးကြီးသော ပွဲဖြစ်သည်ဟု ပြောသည်။ ယင်း အုပ်စုတွင် တတိယနေရာရှိ စတန်းဒတ်လိဂ်သည် ဆီဗီလာနှင့် ရမှတ်တူနေပြီး အောက်ဆုံးမှတစ်မှတ်မျှ မရသေးသော အာခီဆာစပေါ်ကို အနိုင်ရပါက ဆီဗီလာ နည်းတူ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက်ရှိနေသည်။

နောက်ဆုံး (၃၂) သင်းအဆင့်သို့ တက်ခွင့်ရသော အသင်းများစာရင်း အပြည့်အစုံမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပြီးဆုံးမှ ထွက်ပေါ်မည်ဖြစ်သည်။ လီဗာပူး ကို ရှုံးကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသည့် နာပိုလီအသင်း နည်းပြ အန်ဆယ်လော့တီက ၎င်းတို့၏ ချန်ပီယံလိဂ်အဖြစ်ဆိုးကို ယူရိုပါလိဂ်တွင် အင်အားအဖြစ် ပြောင်းလဲ အသုံးချရမည်ဟု ပြောသည်။

—Ref:Goal/Skysports