ထရမ့်၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဝင်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရေးရှေ့နေဟောင်းဖြစ်သူ မိုက်ကယ်ကိုဝင်ကို နယူးယောက် တရားရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

မိုက်ကယ်ကိုဝင်ကို ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်ပွဲ အထောက်အကူဖြစ်ဖို့အတွက် အမျိုးသမီးတွေကို တရားမဝင် တိတ်တဆိတ် ငွေပေးရာမှာ ပါဝင်ခဲ့မှု၊ အဆိုပြုထားတဲ့ ရုရှားက ထရမ့်တာဝါ ပရောဂျက်နဲ့ ပတ်သက်လို့ ကွန်ဂရက်ကို လိမ်ညာခဲ့မှုအတွက် အခုလို ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မန်ဟက်တန်ခရိုင် တရားသူကြီးက မဲဆွယ်ပွဲဥပဒေ ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၃ နှစ်နဲ့ ကွန်ဂရက်ကို မှားယွင်းထွက်ဆိုခဲ့မှုအတွက် ထောင်ဒဏ် ၂ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းတည်း ကျခံရမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB