ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး အမျိုးသမီးညီလာခံ (၂ဝ၁၈) အကြိုဈေးရောင်း ပွဲတော်သို့ တက်ရောက်အားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်ကို ယနေ့ညနေ ၄ နာရီ က ပါတီဌာနချုပ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ယာဉ်ရပ်နားဝင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဒေါက်တာစန်းစန်းနွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဈေးရောင်းပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်ဇနီး၊ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ညပိုင်းတွင် အမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်တွင် ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအမျိုး သမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

”အမျိုးသမီးညီလာခံကို ကောင်းမွန်မှန်ကန်တဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပသကဲ့သို့ အမျိုးသမီးရေးရာကော်မတီ ၏ နောက်ခံသမိုင်း၊ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းမှုနှင့်လုပ်ငန်းတာဝန်များအရ အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ဈေးရောင်းပွဲတော်ကို ”တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသထွက်ကုန်နှင့် အမှတ်တရ ပစ္စည်းအမျိုးအစား အမျိုးမျိုးအား အချင်းချင်းအပြန်အလှန်သိရှိနိုင်ရန်နှင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဒေသထွက်ကုန်နှင့် အမှတ်တရပစ္စည်းများအား ရောင်းချဖလှယ်နိုင်ရန်၊ ပစ္စည်း အမျိုးအစားမှန်များ၊ ပစ္စည်းကောင်းများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိစေရန်နှင့် ပါတီဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေ၍ ပျော်ရွှင်မှုရှိ စေရန်ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က ပြောသည်။

အမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အလှကိုင်ကြိုးထိုးခြင်း၊ ပန်းကြယ် သီး၊ စပေါ့လုံချည်၊ ညီလာခံအထိမ်းအမှတ် ရေနွေးခွက် အစရှိသည်များ၊ ကယားပြည်နယ်မှ ရိုးရာအဝတ် အထည်၊ ဝက်အူချောင်း၊ ခေါင်ရည် အစရှိသည်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ရိုးရာအဝတ်အထည်၊ ငါးမုန့်၊ နာနတ်ယို၊ ပိန္နဲယို၊ မုန့်ကြာခွက်၊ မြိတ်ငါးပိ၊ သနပ်ခါးတုံး အစရှိသည်များ၊ မကွေးတိုင်းဒေသကြီးမှ ပဲယို၊ နှမ်းယိုများ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သနပ်ခါး၊ မြေပဲဆားလှော်၊ ပယင်းပစ္စည်း၊ နာဂရိုးရာအထည်၊ ချင်းရိုးရာအထည်များ၊ ပဲခူးအနောက်မှ ဒေါ်ဦးထမင်းသုပ်၊ အင်းမထဘီ/ပုဆိုးများ၊ မွန်ပြည်နယ်မှ ရိုးရာအဝတ်အထည်များ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ယိုစုံ၊ ငါးပိ၊ ငါးခြောက်များ၊ ရခိုင်ပြည်နယ်မှ ရိုးရာအဝတ်အထည်များ၊ ခရုအလှဆင်ပစ္စည်းများ၊ ငါးပိ/ ငါးခြောက်များ၊ ကချင်ပြည်နယ်မှ ရိုးရာအဝတ်အထည်များ၊ ချဉ်စော်ကားသီးယို၊ ဝိုင် နှင့် ပယင်းပစ္စည်းများ ရောင်းချခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီးမှ အဝတ်အထည်၊ ပုန်းရည်ကြီး၊ လက်ဖက်၊ ခေါင်းလျှော်ရည်များ၊ ပဲခူး (အရှေ့) မှ လက်မှုပစ္စည်း (အရုပ်များ)၊ ငါးချဉ်၊ မြေပဲယို၊ ဖျော်ရည်များ၊ ရှမ်း(တောင်)မှ ရိုးရာအဝတ်အထည်များ၊ ချင်းပြည် နယ်မှ ရိုးရာအဝတ်အထည်များ၊ ချင်းပုတီး၊ မျက်နှာသုတ်ပဝါ၊ စပျစ်ဝိုင်များ၊ ရှမ်း(မြောက်)မှ ရိုးရာအဝတ်အထည် များ၊ ပဲပုပ်၊ လက်ဖက်ခြောက်၊ တို့ဟူး (အချဉ်) များ၊ ကရင်ပြည်နယ်မှ ရိုးရာအဝတ်အထည်များ၊ မြေပဲဆားလှော်၊ ကော်ဖီမှုန့်များ၊ ရှမ်း(အရှေ့)မှ ရိုးရာအဝတ်အထည် (အားခေါ၊ လားဟူ)၊ အသုံးအဆောင်များ၊ ဧရာဝတီတိုင်း ဒေသကြီးမှ ပုသိမ်ထီး၊ ဟာလဝါ၊ ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက်၊ ငါးပိထောင်း၊ ငံပြာရည်ကြော်များ ရောင်းချ သကဲ့သို့ ပြည်ထောင်စုနယ်မြေမှ ရေခဲမုန့်၊ နန်းစိန်ကိတ်၊ မာလာဟင်း၊ ယိုးဒယားသင်္ဘောသီးထောင်းများကို ရောင်းချခဲ့ကြောင်း သိရသည်။