ပရိသတ်တွေ ကန့်ကွက်နေတဲ့ကြားက အမေရိကမှာ လာလီဂါပွဲ သွားကစားဖို့ ဆက်ပြီးစီစဉ်နေတဲ့ ဘာစီလိုနာ
စပိန်ကလပ်ဘာစီလိုနာအသင်းဟာ အမေရိကန်နိုင်ငံမှာလာလီဂါပွဲအချို့ကို ကျင်းပနိုင်ဖို့ကြိုးစားနေတဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌတီဘက်စ်ရဲ့ အစီအစဉ်ကို ထောက်ခံကာ ဇန်န၀ါရီ လ ၂၆ ရက်နေ့တွင် ကစားရမယ့် ကက်တလန်ဒါဘီပြိုင်ဖက်ဂီရိုနာအသင်းနဲ့ ပွဲစဉ်ကို အမေရိကန်မှာ သွားရောက်ကစားဖို့ကို ဆက်လက်စီစဉ်နေတယ်လို့ Marca သတင်းစာရဲ့ ဖော်ပြမှုအရ သိရပါတယ်။ ယခုနှစ်အစောပိုင်းက လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌတီဘက်စ်ဟာ အမေရိ ကန်မီဒီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Relevant နဲ့ တစ်နှစ်လျှင် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်မှာ လာရောက်ကစားဖို့ ငွေကြေးမြောက်မြားစွာနဲ့ ၁၅ နှစ် စာချုပ် ချုပ်ဆိုထားခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
သူ့ရဲ့ဆုံးဖြတ်ချက်ကို ပရိသတ်တွေ၊ ကစားသမားအဖွဲ့အစည်းတွေနဲ့ စပိန်ဘောလုံးအဖွဲ့အစည်းတွေက ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြပြီး ကစားသမားတွေကိုကိုယ်စားပြုတဲ့( AFE ) အဖွဲ့အစည်းရဲ့ ဥက္ကဌ ဒေးဗစ်အဂန်ဇိုက” ဒီကိစ္စဟာလုံးဝကို အဓိပ္ပါယ်မရှိပါဘူး၊ ဒီလိုပွဲစဉ်ရေးဆွဲမှုဟာအကျိုးအမြတ်ရဖို့် ဘောလုံးပွဲတွေကို နိုင်ငံခြားကို ပို့ကုန်တစ်ခုအဖြစ် တင်ပို့သလိုဖြစ်နေပါတယ်၊ ပရိသတ်တွေကို ထည့်တွက်ပြီး စဉ်းစားထားခြင်းမရှိတဲ့ လုပ်ရပ်ပါ၊ အသင်းခေါင်းဆောင်တွေကလည်း ဒီဆုံးဖြတ်ချက်ကို သဘောမတူဖူးဘဲ ဆန့်ကျင်နေတာကို တွေ့ရမှာပါ၊ အားလုံးဟာ ဒါနဲ့ပက်သက်ပြီး တစ်စိတ်တစ်ဝမ်းတည်းရှိနေကြပါတယ်၊ အဓိပ္ပါယ်လုံးဝမရှိပါဘူး၊ ကျနော်အခုပြောနေတာဟာ ကစားသမားတွေရဲ့အကြံညဏ်တွေ သဘောတူညီမှုတွေမပါဘဲ ချုပ်ဆိုထားတဲ့ စာချုပ်အကြောင်းပါ ” လို့ ပြောကြားခဲ့ပါတယ်။
အခုလို ကန့်ကွက်မှုတွေရှိနေပေမယ့် ဘာစီလိုနာ အသင်းနဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေကတော့ အမေရိကန်မှာ လာလီဂါပွဲတွေ ကျင်းပဖို့ကို ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်ပထွက်ကစားခွင့်ရဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ( UEFA ) ၊ အမေရိကန်ဘောလုံးအဖွဲ့ချုပ် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်း ၊ ဗဟို အမေရိက နဲ့ ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ သဘောတူညီမှုတွေကို ရယူနိုင်ဖို့လည်း လိုအပ်သေးတာမို့ အစီအစဉ်ဖြစ်မြောက်ဖို့ ကျော်ဖြတ်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ သိရပါတယ်။
90Minutes