အစိုးရကို ဆန္ဒပြမှုများကြောင့် ပြင်သစ်လီဂူးပွဲစဉ်အချို့ ရွှေ့ဆိုင်း

ပြင်သစ်လီဂူး ပြိုင်ပွဲကျင်းပရေးကော်မတီသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့်အခြေအနေများကြောင့် ပြင်သစ်လီဂူး ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြင်သစ်တွင် အစိုးရအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။ အဓိကမြို့ကြီးများတွင် လူအများက မီးရှို့ဖျက်ဆီးမှုများအပါအ၀င် လုံခြုံရေးထိခိုက်နိုင်သည့် အပြုအမူများကို ပြုလုပ်နေကြသည်။

ထို့ကြောင့် ပြင်သစ်ရဲအဖွဲ့က ပရိသတ်စုရုံးမှု ပိုများနိုင်သည့်ဘောလုံးပွဲများကြောင့် ပိုမိုရှုပ်ထွေးလာနိုင်သည့် အခြေအနေများရှိနေ၍ ပြင်သစ်လီဂူးထံသို့ ပွဲရွှေ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် ပါရီမြို့၌ ယှဉ်ပြိုင်ကစားမည့် ပီအက်စ်ဂျီနှင့် မောင့်ပယ်လီယာ တို့၏ ပွဲစဉ်တစ်ပွဲကိုသာ ဖျက်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် တူးလော့စ်နှင့် လိုင်ယွန် တို့ ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လောင်စာဆီနှင့် ပတ်သက်သော အခွန်ငွေများတိုးမြှင့်လိုက်ခြင်းမှ စတင်ကာ ပြင်သစ်၌ အစိုးရကို ဆန့်ကျင် ကန့်ကွက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပွဲစဉ်အချို့ ထပ်မံရွှေ့ဆိုင်းဦးမည့် အခြေအနေတွင်လည်း ရှိနေသည်။

-Ref: Reuters