ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီလူငယ်များ အမျိုးသမီးညီလာခံကို ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ပြည်ခိုင်ဖြိုးပါတီ လူငယ်ခေါင်းဆောင် ဦးကျော်ဌေး၊ အမျိုးသမီး လူငယ်ခေါင်းဆောင် ဒေါ်သီတာထွေးတို့ ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၌ လူငယ်အင်အား ၁၆ဝ ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြသည်။

ယင်းသို့လုပ်ဆောင်ရာ၌ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၏အနောက်ဘက် နေပြည်တော်မှ တပ်ကုန်းသို့ ဆက်သွယ်ထားသည့် လမ်းမကြီးဘေးစေတီတော်အား ဗဟိုပြု၍တစ်ဖက်လျှင် ၂ ဖာလုံခန့်အတွင်း လမ်းဘေး ဝဲယာရှိအမှိုက်များ လိုက်လံကောက်ယူခြင်း၊ စေတီတော်ရင်ပြင်ပေါ်၌ စုပေါင်းတံမြက်စည်းလှဲခြင်းတို့အပြင် သံဝေဇနိယလေးဌာန (ဖွားပွင့်ဟောစံ) ပြသထားသည့်နေရာများအပါအဝင် သတ္တသတ္တာဟမဟာဗောဓိစေတီ တော် ပရိဝုဏ်နေရာ အနှံ့အပြားတို့ရှိ အမှိုက်သရိုက်များအား စုပေါင်းရှင်းလင်းကြသည်။

အဆိုပါ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသည့် စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ရာသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ သီရိငါးမြို့နယ် အပါအဝင် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်မှ လူငယ်အမျိုးသမီးအမျိုးသားများ တစ်မြို့နယ် ၂ဝ စီ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

သာလှ (ပျဉ်းမနား)၊ ကိုကိုလွင်