ကမ္ဘာ့အဆင့်(၁)ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဇက်ဗီရက်ဗ် ATP Finals ဆုဖလားဆွတ်ခူး

ဂျာမနီလူငယ်တင်းနစ် ကစားသမား အလက်ဇန်းဒါးဇက် ဗီရက်ဗ်သည် ATP Finals ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၁)ဂျို ကိုဗစ်ကို အံ့အားသင့်ဖွယ်အနိုင်ရရှိပြီးဆုကြေးပေါင်နှစ်သန်းခန့် ရရှိခဲ့သည်။

ATP Finals ဆုဖလားကို ခြောက်ကြိမ်မြောက်ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်(၃၁)နှစ် သည် ဇက်ဗီရက်ဗ်(၂၁)နှစ်ကို ၆-၄၊ ၆-၃ ဖြင့် ပွဲကြီးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည်။

ဇက်ဗီရက်ဗ်သည် အကြို ဗိုလ်လုပွဲတွင် ဆွစ်ဇာလန်မှရော် ဂျာဖက်ဒဲရာကို အနိုင်ရသောကြောင့် ATP Finals ပြိုင်ပွဲတစ်ခုတည်းတွင် ဖက်ဒဲရာနှင့် ဂျိုကိုဗစ် ကိုအနိုင်ရသည့် ပထမဆုံးက စားသမားဖြစ်လာသည်။

ထို့အပြင် ဇက်ဗီရက်ဗ်သည် ၁၉၉၀ က အဂ္ဂါစီနောက်ပိုင်း ယခုပြိုင်ပွဲအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ထိပ်တန်း သတ်မှတ်ခံရသည့် ကစားသမား နှစ်ဦးကို အနိုင်ရသည့် ပထမဆုံး ကစားသမား ဖြစ်လာသကဲ့သို့ ATP Finals ဆုဖလားကို ၁၉၉၅ က ဘောရစ်ဘက်ကာ နောက်ပိုင်း ပထမဆုံးဆွတ်ခူးနိုင်သည့် ဂျာမနီ နိုင်ငံသားဖြစ်လာသည်။

 ‘‘ဘယ်လိုပြောရမှန်းတကယ် မသိတော့ဘူး။ ဒါက ကျွန်တော် ရခဲ့ဖူးသမျှ အခမ်းနားဆုံးဆုဖလားပါ။ ပထမဆုံး အနေနဲ့ ဂျိုကိုဗစ်ကို ကျေးဇူးတင်ချင်ပါတယ်။ သူဟာ ရှုံးပွဲကြုံဖို့ ခဲယဉ်းသူပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ့ကို အနိုင်ရတာ က ကျွန်တော် ဖြစ်နေပါတယ်’’ ဟု ဇက်ဗီရက်ဗ်က ပြောသည်။

ဇက်ဗီရက်ဗ်နှင့် ဂျိုကိုဗစ် သည် အုပ်စုအဆင့်၌ တွေ့ဆုံပြီး ဂျိုကိုဗစ်က အနိုင်ရခဲ့သည်။

‘‘ဇက်ဗီရက်ဗ်က အုပ်စုအဆင့်မှာ ကစားတာထက် ပိုပြီးတော့ ကောင်းကောင်းကစားခဲ့တယ်ဆိုတာ သေချာပါတယ်။ သူ က အနိုင်ရဖို့ ထိုက်တန်သူပါ။ သူက ငယ်လွန်းသေးတယ်။ ဒါပေမဲ့ အခုထိတော့ သူ့မှာအံ့ဩဖို့ ကောင်းတဲ့ ကစားသမားဘ၀ကို ပိုင်ဆိုင်ထားပါတယ်။ အနာဂတ်မှာ အကောင်းဆုံးတွေဖြစ်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်’’ ဟု ဂရင်းဆလမ်ဆုဖလား ၁၄ ကြိမ်ရ ဂျိုကိုဗစ်က ပြောကြားသည်။

—Ref:AFP/BBC