စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအပေါ် ပြင်သစ်နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြ

ပါရီ နိုဝင်ဘာ ၁၈

ပြင်သစ်နိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုအပေါ် ဒေါသထွက်နေကြသူများသည် နိုင်ငံတစ်ဝန်းတွင် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြရာ ယာဉ် အသွားအလာများ ကမောက်ကမ ဖြစ်ခဲ့ရကြောင်း၊ ဆန္ဒပြသူများ၏ ဟန့်တားမှုကြောင့် ထိတ်ထိတ်ပျာပျာဖြင့် မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် ဆန္ဒပြသူ လူအုပ်ကြီး အတွင်းသို့ ကားကို မောင်းနှင်မိရာမှ ဆန္ဒပြသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အဝါရောင်လုံခြုံရေး ဂျက်ကက်အင်္ကျီ ဝတ်ဆင်ထားသူ လူပေါင်း ၁၂ဝဝဝဝ တို့သည် နိုဝင်ဘာ ၁၇ ရက်က စုရပ် ၂ဝဝဝ တွင် စုဝေးခဲ့ကြပြီးနောက် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက်တွင်လည်း ဆက်လက် ဆန္ဒပြခဲ့ကြသည်။

သမ္မတ အီမင်နျူယယ် မေခရွန်သည် သာမန်ပြည်သူများ၏ ဘဝကို လျစ်လျူရှုနေကြောင်း၊ ၄င်း၏ လက်ထက်တွင် ပြည်သူများမှာ ဝယ်ယူသုံးစွဲနိုင် စွမ်းအား နည်းပါးနေကြရကြောင်း ဆန္ဒပြသူများက ပြောကြားကြသည်။

ပြင်သစ်နိုင်ငံ ဆာဗွိုင်ဒေသ အရှေ့တောင်ပိုင်းတွင် ဆန္ဒပြသူ ၅ဝ ခန့်က လမ်းပိတ်ဆို့၍ ဆန္ဒပြနေချိန်အတွင်း သမီးတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် ကားမောင်းလာသူတစ်ဦးက ကြောက်လန့်တကြားဖြင့် လူအုပ်အတွင်းသို့ မောင်းနှင်မိရာမှ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ပြင်သစ်နိုင်ငံ တစ်ဝန်းတွင် လမ်းပိတ်ဆို့၍ ဆန္ဒပြမှုများ ဖြစ်ပွားစဉ်အတွင်း စိတ်မရှည်သော မော်တော်ယာဉ် ယာဉ်မောင်းများက လူအုပ်ကြီးအတွင်းမှ ဖြတ်သန်း မောင်းနှင်စဉ် မတော်တဆ ထိခိုက်မှုဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

ပြင်သစ်နိုင်ငံမြောက်ပိုင်း ဟာဇီဘရပ်မြို့၌ ထရပ်ကားယာဉ်မောင်းတစ်ဦး က ဆန္ဒပြသူလူအုပ်အနီးရှိ လူသွားစင်္ကြံ ပလက်ဖောင်းပေါ်သို့ တက်ကာ မောင်းနှင်ရာမှ ဆန္ဒပြသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံ၌ မော်တော်ယာဉ်အများစု အသုံးပြုသော ဒီဇယ်ဆီ ဈေးနှုန်း မှာ လွန်ခဲ့သည့် ၁၂ လတာကာလတွင် ၂၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ရာ တစ်လီတာလျှင် ဒေါ်လာ ၁ ဒသမ ၇၁ အထိ ဈေးပေါက်လျက် ရှိသည်။ ယင်းမှာ ၂ဝဝဝ ပြည့်လွန်နှစ်များနောက်ပိုင်း အမြင့်ဆုံးအမှတ်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။

-Ref: AFP