အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ရုရှားသမ္မတ ပြော

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံး အစည်းအဝေးမှာ နိုဝင်ဘာ ၁၄ ရက်က ပြောလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးညီလာခံအတွင်း အစည်းအဝေးမှာ ခုလို ပြောခဲ့တာပါ။

“မနှစ်က ဂျကာတာမြို့မှာ အာဆီယံအတွက် ရုရှားမစ်ရှင် ထားရှိခဲ့တယ်။ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက် စိန်ခေါ်တဲ့ အဓိက အရေးကိစ္စတွေအတွက် ကျေန်ာတို့ရဲ့ ချဥ်းကပ်ပုံကို ညှိနှိုင်းဆောင်ရွက်နေတယ်။ ကျနော်တို့ဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေနဲ့ မူးယစ်ကုန်ကူးမှုတွေ၊ အကြမ်းဖက်ဝါဒတွေကို တိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အားဖြည့်နေတယ်” လို့လည်း ပူတင်က ပြောပါတယ်။

စင်ကာပူနဲ့ ရုရှား ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေး စတင်ခဲ့တာ နှစ် ၅၀ ပြည့်ချိန်မှာ ပူတင်က စင်ကာပူကို ပထမဆုံး လာရောက်လည်ပတ်တာလည်း ဖြစ်ပါတယ်။

အာရှ-ပစိဖိတ် ခေါင်းဆောင်တွေဟာ အာဆီယံခေါင်းဆောင်တွေနဲ့အတူ စင်ကာပူမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ တွေ့ဆုံရင်း နိုင်ငံစုံဝါဒကို ကျင့်သုံးဖို့ ဆော်သြနေပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတိုးနေတဲ့ အခြေအနေကနေ မြန်မာနိုင်ငံ အတွင်းက ရခိုင်ဒေသ အကျပ်အတည်းထိ ဒေသတွင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကတိသစ်တွေကိုလည်း ချမှတ်နေပါတယ်။

အာဆီယံ ခေါင်းဆောင်တွေနဲ့ ညီလာခံမှာ ပါဝင်ဆွေးနွေးသူတွေထဲမှာ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်၊ တရုတ်ဝန်ကြီးချုပ် လီခွတ်ချောင်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့လည်း ပါဝင်ပါတယ်။

DVB