ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး H.E. Mr. Song Tao အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံစီးပွားရေးတိုးမြှင့်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးပိုက်ထွေးနှင့်ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ရီနှင့် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော်မတီဝင်ဒေါက်တာနန္ဒာလှမြင့်တို့တက်ရောက်ခဲ့ကြပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး H.E. Mr. Song Tao နှင့်အတူ အဖွဲ့ဝင်ခုနစ်ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။ မိုးဇော်(နေပြည်တော်)