ပွဲအပြီးမှာ နားစွင့်တဲ့ဟန်ကို မော်ရင်ဟို ဘာလို့လုပ်ခဲ့တာလဲ?

ချန်ပီယံလိဂ်ပွဲအဖြစ် တူရင်မှာ ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဟွမ်မာတာရဲ့ ဖရီးကစ်သွင်းဂိုး၊ အဲလက်စ်ဆန်ဒရိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးတွေနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မော်ရင်ဟိုက ဂျူဗင်တပ်စ်အသင်း ပရိသတ်တွေဖက် လှည့်ကာ သူ့ရဲ့ နားမှာ လက်ဝါးကပ်ပြီး နားစွင့်တဲ့ ဟန် ပြုလုပ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ခဲ့တဲ့အပေါ်မှာ မော်ရင်ဟိုက သူ့အနေနဲ့ အမှားကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်း ပရိသတ်တွေဟာ အင်တာမီလန်နည်းပြ ဖြစ်ခဲ့ဖူးတဲ့ မော်ရင်ဟိုကို ၀ိုင်းဝန်း လှောင်ပြောင်ခဲ့ ကြတာဖြစ်ပြီး ပွဲအပြီး မန်ယူအသင်း နိုင်ပွဲရသွားခဲ့ချိန်မှာ မော်ရင်ဟိုက ဖော်ပြပါအတိုင်း တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို AS သတင်းဌာနက အခုလို ရေးသားသွားခဲ့ပါတယ်။

“ကျွန်တော် ဘယ်သူ့ကိုမှ တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး၊ သူတို့ပြောတာတွေကို ကြားချင်လို့ ကျွန်တော် ပြုလုပ်ခဲ့တာပါ၊ ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားမိချိန်မှာ ကျွန်တော် မလုပ်ခဲ့သင့်ဘူး ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်မိသားစု (အင်တာမီလန်အသင်းကို ရည်ညွှန်း)အစော်ကားခံနေရလို့ ပြန်တုံ့ပြန်ခဲ့တာပါ” လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုက သူဟာ မိနစ် (၉၀)လုံးလုံး စော်ကားခံနေရတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ သူ့အနေနဲ့ ဒီကို လာခဲ့တာဟာ အလုပ်လုပ်ဖို့ဖြစ်ပြီး တခြားဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။ ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း မော်ရင်ဟိုက အခုလိုမျိုး ပြောသွားပါသေးတယ်။

” သူတို့ထက် ကျွန်တော်တို့ ပိုကောင်းအောင် မကစားနိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့နဲ့ အစစအရာရာ ကွာခြားတဲ့ အသင်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်၊ ပွဲအစမှာ ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားခဲပြီး အပေါင်းလက္ခဏာဆန်တဲ့ ပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်၊ ကွင်းလယ်မှာ ပိုပြီးတော့ ကျွန်တော်တို့ ကစားနိုင်ခဲ့ပြီး ချီလီနီ နဲ့ ဘိုနူချီတို့ကို အလက်ဆစ် ဆန်းချက်ဇ်နဲ့ ဝေးရာကို ရောက်နေဖို့ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်” လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

-Ref: Skysports