ရုရှားက တာဝေးပစ်ပဲ့ထိန်းဒုံးကျည် တင်ဆောင်ထားသည့် စစ်သင်္ဘော ဆီးရီးယားသို့စေလွှတ်

ဆီးရီးယားကမ်းလွန်မှာ ရေတပ်ဖွဲ့တွေကို အင်အားဖြည့်နေတဲ့ ရုရှားနိုင်ငံဟာ နိုဝင်ဘာ ၅ ရက်နေ့က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေ တင်ဆောင်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောတစင်းကို ထပ်မံအားဖြည့် စေလွှတ်လိုက်ပါတယ်။

ပင်လယ်နက်ရေတပ် ရေယာဉ်အုပ်စုရဲ့ ဖရီးဂိတ်စစ်သင်္ဘောဟာ မြေထဲပင်လယ်က ရေတပ်အုပ်စုမှာ တာဝန်ထမ်းဆောင်ဖို့ ပင်လယ်နက် ရေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာသွားပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့ကို ထောက်ပံ့ဖို့နဲ့ ပုန်ကန်နေသူ စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ မြေထဲပင်လယ်မှာ ဖရီးဂိတ်စစ်သင်္ဘောတွေနဲ့ ရေငုပ် သင်္ဘောတွေ တပ်စွဲထားကြပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဆီးရီးယားစစ်ပွဲတွေအတွက် ထောက်ပံ့တယ်ဆိုတာ ကိုတော့ ပြောဆိုထားတာ မရှိပါဘူး။

ရုရှားသမ္မတ ပူတင်ကတော့ ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ စစ်ဘက်ရေယာဉ်တွေဟာ မြေထဲပင်လယ်မှာ အမြဲတန်း အသင့်အနေအထား ရှိနေတယ်လို့ ပြီးခဲ့တဲ့မေလက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီကစပြီး ရေတပ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ စစ်ရေယဉ်အုပ်စုဟာ မြေထဲပင်လယ်မှာ တပ်ဖြန့်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ထုတ်ဝေခဲ့တဲ့ Izvestia သတင်းစာမှာတော့ ရုရှားစစ်ရေယာဉ် ၁၀ စီးလောက်ဟာ ၂၀၁၅ ကတည်းက မြေထဲပင်လယ်ထဲမှာ စုဝေးနေပြီး အများစုဟာ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတယ်လို့ ဖော်ပြပါတယ်။

DVB