ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူများနှင့်တွေ့ဆုံ

 

တောင်ကြီး နိုဝင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် နယ်မြေတာဝန်ခံ ဦးအောင်ထွန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးခွန်သိန်းမောင်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစိန်လေးမောင်၊ တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌ ဦးစောထွန်းခိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင် ဦးမျိုးဆန်းတို့သည် ဒေသခံပါတီဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် သိမ်ကုန်း ကျေးရွာတွင် ယခုလ ၃ ရက် နံနက် ၁ဝ နာရီ၌ အင်အား ၁ဝဝ နှင့်လည်းကောင်း၊ ယကြီးကျေးရွာတွင် မွန်းလွဲ၃ နာရီ၌ အင်အား ၁၅ဝ နှင့်လည်းကောင်း၊ ပင်းတယမြို့နယ်ညောင်ပင်ကောက် ကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီ၌ အင်အား ၃ဝဝ နှင့်လည်း ကောင်း၊ တည်ပင်ကျေးရွာတွင် မွန်းလွဲ ၁နာရီ၌ အင်အား ၁၅ဝ နှင့်လည်းကောင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် တွေ့ဆုံပွဲတက်ရောက်လာသည့်ပါတီ ဝင်မိဘပြည်သူများကမိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ် ချက်များကို ဆွေးနွေးတင်ပြကြရာနယ်မြေတာဝန်ခံနှင့်ဒေသဦးစီး ဥက္ကဋ္ဌတို့က လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင်နယ်မြေတာဝန်ခံ ဦးအောင်ထွန်း က ရွာငံမြို့နယ်ယကြီးကျေးရွာ ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့အတွက် အလှူငွေကျပ်နှစ်သိန်း၊ ဒေသဦးစီးဥက္ကဋ္ဌက ကျပ်သုံးသိန်း၊ ပင်းတယမြို့နယ် ညောင်ကောက်ကျေးရွာတွင် ကာလသား၊ ကာလသမီးပျိုများ၊ သာရေးနာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နယ်မြေတာဝန်ခံက အလှူငွေကျပ်တစ် သိန်း၊ ဒေသဦးစီးဥက္ကဋ္ဌက ကျပ်သုံးသိန်း၊ တည်ပင်ကျေးရွာတွင် တောင်ရိုးတိုင်းရင်းသားတောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအတွက် ကျပ်တစ်သိန်း၊ ပအိုဝ့်တိုင်းရင်းသားပအိုဝ့်စာပေယဉ်ကျေးမှု အတွက် ကျပ်တစ်သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)