ဂျိုကိုဗစ်ကို အနိုင်ယူပြီး ကာရန်ခါချန်နော့ဗ် Paris Masters ဆုဖလား ဆွတ်ခူး

Paris Masters တင်းနစ် ပြိုင်ပွဲတွင် ရုရှားနိုင်ငံသားကာရန် ခါချန်နော့ဗ်(၂၂နှစ်)က ဆားဘီးယားနိုင်ငံမှ ကမ္ဘာ့အဆင့် (၁) ကစားသမား ဂျိုကိုဗစ်(၃၁နှစ်)ကို အနိုင်ယူပြီး Masters 1000 ဆုဖလားကို ပထမဆုံး ဆွတ်ခူးခဲ့သည်။
ပွဲကစားချိန် ၁ နာရီ ၃၇ မိနစ်ကြာမြင့်ခဲ့သော ယင်းဗိုလ်လုပွဲတွင် ခါချန်နော့ဗ်က ဂျိုကိုဗစ်ကို ၇-၅၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ဂျိုကိုဗစ်၏ ၂၂ ပွဲဆက်ရှုံးပွဲမရှိ စံချိန် ကို ရပ်တန့်စေခဲ့သည်။

သို့သော် ဂရင်းဆလမ်ဆုဖလား (၁၄)ကြိမ်ရ ဂျိုကိုဗစ်အနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်မှ အဓိကပြိုင်ဘက် ရာဖေးလ်နာဒယ်ထက် အမှတ် များနေဆဲဖြစ်သောကြောင့် အဆင့်(၁)နေရာကို သိမ်းပိုက် ထားဆဲဖြစ်သည်။

‘‘ဒီနိုင်ပွဲက ကျွန်တော့်အတွက်တော့ ကမ္ဘာတစ်ခုပါ။ ဒီဖလားက ကျွန်တော့် ကစားသမားဘ၀မှာ အခုအချိန်ထိ ရရှိခဲ့သမျှ အကြီးကျယ်ဆုံးဆုဖလားတွေထဲက တစ်လုံးပါ။ ကမ္ဘာ့အဆင့် (၁) ဖြစ်တဲ့ ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဒီရာသီကို အခုလိုမျိုးအောင်ပွဲနဲ့ အဆုံးသတ်ရတာ မပျော်ဘဲနေနိုင်ပါ့မလားဗျာ’’ဟု ဗိုလ်စွဲပြီးနောက် ကမ္ဘာ့အဆင့် (၁၈)မှ (၁၁) သို့ တက်လာသည့် ခါချန်နော့ဗ် က ပြောသည်။

ခါချန်နော့ဗ်သည် ၂၀၀၉ က နီကိုလေဒါဗီဒန်ကို နောက်ပိုင်း Masters 1000 ဆုဖလား ဆွတ်ခူးသော ပထမဆုံး ရုရှားနိုင်ငံသားဖြစ်လာသည်။

သီတင်းတစ်ပတ်လုံး အအေးမိလက္ခဏာ ခံစားခဲ့ရသည့် ဂျိုကိုဗစ်က ‘‘ဒီနေ့ပွဲ ကျွန်တော် ကစားတာ သိပ်ကောင်းတယ်လို့ မခံစားရဘူး။ ဒါပေမဲ့ ပွဲကြီးပွဲ ကောင်းနွှဲခဲ့တဲ့အတွက် ခါချန် နော့ဗ်ကိုတော့ လေးစားသမှုပြချင် ပါတယ်။ သူကအနိုင်ရဖို့ ထိုက်တန်သူပါ။ ဒီဖလားနဲ့လည်း ထိုက်တန်ပါတယ်။ အနာဂတ်မှာ ခါချန် နော့ဗ်ဆီက ပွဲကြီးပွဲကောင်းတွေ တွေ့မြင့်ရလိမ့်မယ်လို့ ကျွန်တော် အာမခံပါတယ်’’ ဟု ပြောကြားသည်။

—Ref:BBC