ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုက်လတ်မြို့နယ်နှင့် မအူပင်မြို့နယ်များမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

 

ဖျာပုံ၊ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် နံနက် ၉ နာရီခွဲ အချိန်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာနှင့် မအူပင်မြို့နယ် ထနီးကျေးရွာတွင်ပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာတွင် ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ရောက်ရှိကြပြီး အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု ကြပြီး နိုင်ငံတော်သီချင်းစုပေါင်းသီဆိုကာ ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ကျေးရွာပါတီဥက္ကဋ္ဌမှ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖ ဦးစံမြင့်မှ ရှင်းလင်းတင်ပြကာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကြည်ကိုကိုမှ ပါတီလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ပါတီဝင်အဆိုပြုလွှာများအား ပါတီဝင်သစ်များမှ စုပေါင်းပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ကိုကိုလင်းမှ လက်ခံရယူခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင် ပါတီဝင်သစ်များအား ပါတီရင်ထိုးများ တပ်ဆင်ပေးခဲ့ပြီး ပါတီဝင် ဒေါ်ဆုရတနာထက်မှ ပါတီသို့ပါတီဝင်အဖြစ်ဝင်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီဝင်များအားနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားအားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များသည် မွန်းလွဲ ၁ နာရီအချိန်တွင် မအူပင်မြို့နယ်သို့ရောက်ရှိကြပြီး မအူပင်မြို့နယ် ထနီးကျေးရွာ၌ ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ကာအားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်းစုပေါင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ရပ်ကွက်ပါတီဥက္ကဋ္ဌမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း၊ ပါတီဝင်သစ်များမှ ပါတီသို့ ၀င်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်အခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ရပ်ကွက်ကျေးရွာများမှ စုပေါင်းပေးအပ်သည့် ပါတီဝင်သစ်များ၏ ပါတီဝင်အဆိုပြုလွှာများအား မြို့နယ်ပါတီဥက္ကဋ္ဌမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီဝင်များအား နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ပါတီဝင်အသစ်များအား ပါတီအမှတ်တံဆိပ် ရင်ထိုးများအား ကိုယ်တိုင်တပ်ဆင်ပေးခဲ့ကြကာ ပြည်ခိုင်ဖြိုးပါတီသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်၊ ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒလှမြင့်၊ တိုင်း/ခရိုင်/ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ ပါတီဝင်သစ်များ တက်ရောက်ကြသည်။

AMT,WHT