ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဖျာပုံမြို့ရှိ သကျမုနိမြောက်ပိုင်းဘုရားကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်ဆရာတော်အား ဖူးမျှော်ကြည်ညိုခဲ့ပြီး၊ မြန်မာနှစ်ချင်းခရစ်ယာန်အသင်းတော်သို့သွားရောက်၍ အလှူငွေများပေးအပ်လှူဒါန်း

 

ဖျာပုံ၊ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီအချိန်တွင် ဖျာပုံမြို့ရှိ သကျမုနိမြောက်ပိုင်းဘုရားကြီးနှင့် နိုင်ငံတော်သြဝါဒစရိယ၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်(တောင်) အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ ဝေပုလ္လ ဆရာတော်အမှူးရှိသော ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကန်တော့ကြပြီး လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဖျာပုံမြို့အတွင်းရှိ မြန်မာနှစ်ချင်း ခရစ်ယာန်အသင်းတော်သို့ ညနေ ၅ နာရီချိန်တွင်သွားရောက်၍ ကျောင်းမှတာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ယနေ့သွားရောက် လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပါတီဗဟိုအလုပ်အမှူဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်၊ ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒလှမြင့်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများလိုက်ပါခဲ့သည်။

AMT,WHT