ဘင်္ဂါလီဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံး အသုတ်အဖြစ် နိုဝင်ဘာလလယ်တွင် စတင်လက်ခံမည်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပထမဆုံးအသုတ်အဖြစ် ဘင်္ဂါလီ ဒုက္ခသည်နှစ်ထောင်ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည်ဟု အေအက်ဖ်ပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံပူးတွဲလုပ်ငန်းကော်မတီအ ဖွဲ့သည် အောက်တိုဘာ ၃၁ ရက်တွင် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများသို့ ကွင်းဆင်းစိစစ်ပြီး မြန်မာအစိုးရက စိစစ်ပြီးသည့် ဒုက္ခသည် ငါးထောင်ကျော်အနက် ပထမဆုံး အသုတ်အဖြစ် နှစ်ထောင်ကို ယခု လလယ်တွင် စတင်လက်ခံမည်ဟု မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

‘‘ဒုတိယအသုတ်ကို ဆက်လက်ခံမယ်’’ဟု ၎င်းကဆိုသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ် အဖွဲ့၏သတင်းပေးပို့ချက်အရ နေရပ်စွန့်ခွာသူနှစ်ထောင်ကို မောင်တောမြို့နယ် ငါးခူရစခန်း မှ ပြန်လည်လက်ခံရန် နှစ်နိုင်ငံသ ဘောတူခဲ့သည်ဟု သိရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယမန်နေ့တွင် နေပြည်တော်၌ သတင်း ထောက်များအား ပြောသည်။

‘‘ကျွန်တော်တို့က စီစဉ်ရမှာ ပေါ့။ အဲဒါအထိပဲ ကျွန်တော်သိတယ်။ နှစ်ထောင်ကျော်ကို အစီအစဉ်အတိုင်း လက်ခံရမှာပေါ့။ အခုဟာက ရေလမ်း ငါးခူရဘက်က လာမယ်လို့ သိရတယ်’’ဟု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များဦး ဆောင်သည့် တတိယအကြိမ် မြောက်ပူးတွဲလုပ်ငန်း ကော်မတီ အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်၌ ပြုလုပ်နေပြီး အောက်တိုဘာ ၃၀ ရက်တွင် ဒါကာ၌ ပြုလုပ်သော အစည်းအဝေး၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်ကို နိုဝင်ဘာလ လယ်ပိုင်း တွင် စတင်မည်ဟု သဘောတူခဲ့သည်။

မြန်မာအစိုးရက နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေး တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင်ကြားစခန်း ဟူသည့် စခန်းသုံးခုဖွင့်လှစ်၍ ယခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အဆင်သင့်ဖြစ်ပြီဟု နိုင်ငံတကာသို့ ကြေညာ ထားသော်လည်း လက်ရှိအချိန် အထိ ယင်းစခန်းများမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ အနည်းငယ်သာ ရှိသည်။