ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒေးဒရဲနှင့်ဖျာပုံမြို့နယ်များမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

 

ဖျာပုံ၊ အောက်တိုဘာ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိကြပြီး နံနက် ၉ နာရီခွဲ အချိန်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု ရွှေသိုကျေးရွာနှင့် ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး သင်တန်းကျောင်းခန်းမတို့တွင်ပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဒေးဒရဲမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု ရွှေဘိုကျေးရွာ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ရောက်ရှိကြပြီး အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြုကြပြီး နိုင်ငံတော်သီချင်းစုပေါင်းသီဆိုကာ ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ကျေးရွာပါတီဥက္ကဋ္ဌ ဦးမြင့်အောင်မှပါတီလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ပါတီဝင်သစ်တစ်ဦးဖြစ်သူ ဦးမြဦးမှ ပါတီသို့ပါတီဝင်အဖြစ်ဝင်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဒေးဒရဲမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိန်မင်းမှ မြို့နယ်အခြေအနေကိုရှင်းလင်းတင်ပြပြီး ပါတီဝင်အဆိုပြုလွှာများအား ပါတီဝင်သစ်များမှ စုပေါင်းပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိန်မင်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီဝင်များအား နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ပါတီဝင်သစ်များအား ပါတီအမှတ်တံဆိပ် ရင်ထိုးများအား ကိုယ်တိုင်တပ်ဆင်ပေးခဲ့သည်။

ဒေးဒရဲမြို့ သက္ကယ်ချောင်းကျေးရွာအုပ်စု ရွှေသိုကျေးရွာတွင် ပါတီသို့ အသစ်ဝင်ရောက်သည့် ပါတီဝင်စုစုပေါင်းမှာ (၂၀၀၄ ဦး) ဖြစ်သည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များသည် မွန်းလွဲ ၁ နာရီအချိန်တွင် ဖျာပုံမြို့နယ်သို့ရောက်ရှိကြပြီး ဖျာပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီသင်တန်းကျောင်း၌ကျင်းပသည့် သမိန်ထောကျေးရွာနှင့် ကျေးရွာများမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ကာအားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်းစုပေါင်းသီဆိုကာ ဖွင့်လှစ်ခဲ့ပြီး သမိန်ထောကျေးရွာပါတီဥက္ကဋ္ဌမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း၊ ပါတီဝင်သစ်တစ်ဦးဖြစ်သူ ဦးမြ၀င်းမှ ပါတီသို့ ၀င်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ဖျာပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမိုးအောင်မှ ပါတီစည်းရုံးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရပ်ကွက်ကျေးရွာများမှ စုပေါင်းပေးအပ်သည့် ပါတီဝင်သစ် (၂၂၀၃ ဦး)၏ ပါတီဝင်အဆိုပြုလွှာများအား မြို့နယ်ပါတီဥက္ကဋ္ဌမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီဝင်များအား နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ အမှာစကားပြောကြားပြီးနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ပါတီဝင်သစ်များအား ပါတီအမှတ်တံဆိပ် ရင်ထိုးများအား ကိုယ်တိုင်တပ်ဆင်ပေးခဲ့ကြကာ ပြည်ခိုင်ဖြိုးပါတီသီချင်းအား စုပေါင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့ ဖျာပုံခရိုင်အတွင်း ပါတီဝင်အသစ်အဖြစ်ဝင်ရောက်လာသည့် စုစုပေါင်းဦးရေမှာ ၄၂၀၇ ဦးဖြစ်သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်၊ ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒလှမြင့်၊ တိုင်း/ခရိုင်/ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ ပါတီဝင်သစ်များ တက်ရောက်ကြသည်။

AMT,WHT