ကမ္ဘာ့အဆင့် ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ရွှေတံဆိပ်ဆွတ်ခူး

ရွှေတံဆိပ်နှင့်အတူ တွေ့ရသော ကြက်တောင်ကစားမယ် သက်ထားသူဇာ

အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ Egypt Internatio-nal Sereies 2018  အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် သက်ထားသူဇာက ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၅ မှ ၂၈ ရက်အထိ အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပခဲ့ပြီး  သက်ထားသူဇာက ၎င်း၏ ရမှတ် အဆင့်များအရ ၃၂ ဦး အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့သည်။

သက်ထားသူဇာသည် ၃၂ ဦးအဆင့်တွင် ဂျော်ဒန်၊ ၁၆ ဦးအဆင့်တွင် ချက်နိုင်ငံမှ ကစားသမားများကို အနိုင်ရခဲ့သည်။ မြန်မာကြက်တောင်မယ်သည် ကွာတားဖိုင်နယ်တွင် ဟန်ဂေရီ ကစားသမားကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ အကြိုဗိုလ်လုပွဲတွင် မလေးရှား ကစားသမားကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

သို့သော် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်မည့် ဘီလာရုစ်ကစားသမားသည် ဒူးဒဏ်ရာကြောင့် ဗိုလ်လုပွဲနှင့်လွဲချော်ကာ သက်ထားသူဇာ က ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲအမျိုးအစားတွင် ဘီလာရုစ် ကစားသမားက ဒုတိယနှင့် မလေးရှားနှင့် ဆွစ်ဇာလန်ကစားသမားတို့က ပူးတွဲတတိယ ရရှိခဲ့သည်။

‘‘ဖိုင်နယ်မှာ ပြိုင်ရမယ့် ဘီလာရုစ် ကစားသမားက တစ်ဦးချင်းပွဲရော၊ နှစ်ဦးတွဲပြိုင်ပွဲမှာပါဝင် ပြိုင်တယ်။ နှစ်ဦးတွဲ ပြိုင်ပွဲကစားရင်းနဲ့ ဒူးဒဏ်ရာရသွားလို့ ဖိုင်နယ်မှာ မကစားနိုင်ဘဲ အရှုံးပေးခဲ့တယ်’’ ဟု သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က ပြောသည်။

အဆိုပါပြိုင်ပွဲသည် ကမ္ဘာတွင် ဒုတိယအဆင့်ရှိ ကြက်တောင်ပြိုင်ပွဲဖြစ်ကြောင်း  မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်သူက ပြောသည်။

မြန်မာကစားသမားတစ်ဦး အနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ရရှိခြင်းဖြစ်ပြီး ၁၉ နှစ်အရွယ် သက်ထားသူဇာ၏ ကမ္ဘာ့အဆင့် ပထမဆုံး ရွှေတံဆိပ်လည်းဖြစ်ကြောင်း ဦးထွန်းဇော်က ဆိုသည်။ အီဂျစ်နိုင်ငံတကာ စီးရီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားငါးမျိုး ထည့်သွင်းကျင်းပပြီး ၂၇ နိုင်ငံမှ ကြက်တောင်ကစားသမား ၄၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

‘‘ကြက်တောင်အဖွဲ့ချုပ်အနေနဲ့ တစ်ဦးချင်းရရင် တစ်ဦးချင်း၊ နှစ်ဦးတွဲရရင် နှစ်ဦးတွဲရအောင် ကမ္ဘာ့အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ အခုလို  အောင်မြင်မှုရတာ မြန်မာကြက်တောင်လောကအတွက် ၀မ်းသာစရာပါ’’ ဟု  ဦးမျိုးကျော်သူက ပြောသည်။ 

7Days