ပြည်ခိုင်ဖြိုးပါတီမှ မတည်လှူဒါန်းငွေဖြင့် စစ်တွေမြို့နယ် ချီလည်ပင်းကျေးရွာရှိ (ကိုယ်ထူကိုယ်ထ) ကျေးလက်ဆေးပေးခန်း ဖွင့်လှစ်

 

စစ်တွေမြို့နယ် ချီလည်ပင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ မတည်လှူဒါန်းငွေဖြင့် ဆောက်လုပ်ပြီးစီး ခဲ့သည့်(ကိုယ်ထူကိုယ်ထ)ကျေးလက်ဆေးပေးခန်းအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၃၀) ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ကျေးလက်ဆေးပေးခန်းကို ပြည်ခိုင်ဖြိုးပါတီမှ မတည်လှူဒါန်းငွေများနှင့် ကျေးရွာသူ/သား များမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ခဲ့ကြပြီး ယနေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ဆရာတော်ကြီး (၃)ပါးပင့်ဖိတ်ကာ အန္တရယ်ကင်းပရိတ်တရားတော်နာယူပြီး ရေစက်သွန်းချအမျှပေးဝေကာ ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ကျေးလက်ဆေးပေးခန်းဖွင့်ပွဲသို့ ပြည်နယ်ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် ကော်မတီဝင်များ၊ အမျိုးသမီးရေးရာတာဝန်ခံနှင့် အမျိုးသမီး အဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၄၅) ဦးတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ချီလည်ပင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကို ဆက်လက်ကျင်းပရာ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့်ကော်မတီဝင်များ၊ ကျေးရွာပါတီဝင်များမှ ပါတီဆိုင်ဘုတ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။ အဆိုပါ ပါတီဆိုင်းဘုတ်အား ချီလည်ပင်းကျေးရွာ ပါတီစည်းရုံးရေးမှူး နေအိမ်ခြံ၌ စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။

TM