၂၀၁၉ ရွေးကောက်ပွဲမတိုင်မီ ထိုင်းအတိုက်အခံပါတီက ခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်

၂၀၁၉ တွင် ကျင်းပရန် မျှော်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ အဓိက အတိုက်အခံပါတီ Puea Thai Party က တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့ရှိ ရုံးချုပ်၌ ရာချီသော ပါတီအဖွဲ့ဝင် များကို ဖိတ်ခေါ်၍ ပါတီခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်ခဲ့သည်။

၂၀၁၄ မေလတွင် Puea Thai Party ပါတီ ဦးဆောင်သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းကတည်းက ထိုင်းနိုင်ငံ ၌ နိုင်ငံရေးလှုပ်ရှားမှုများကို တား မြစ်ထားသည်။

သို့သော် ပြီးခဲ့သည့်လတွင် ထိုင်းအာဏာသိမ်း စစ်အစိုးရက လာမည့်နှစ် ဖေဖော်ဝါရီမှ မေလအတွင်း ကျင်းပဖွယ်ရှိသော ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် နိုင်ငံရေးလှုပ်ရှားမှု တားမြစ်ချက်ကို တစ်စိတ်တစ်ပိုင်း ပြန်လည် ဖြေလျှော့ပေးခဲ့သည်။

Puea Thai ပါတီ၏ မဲခွဲဆုံးဖြတ်မှုတွင် ဒုဝန်ကြီးချုပ်ဟောင်း ဗီရိုဂ်ျပိုအင် အသက်(၈၄)နှစ်ကို ပါတီခေါင်းဆောင် အဖြစ်လည်းကောင်း၊ စစ်ပြန်နိုင်ငံရေးသမား ဖူသမ်ဗာချာယာချိုင် အသက် (၆၄)နှစ်ကို ပါတီအတွင်းရေးမှူး အဖြစ် လည်းကောင်း ခန့်အပ်ခဲ့သည်။

ထို့နောက် ပါတီ၏ အမာခံအဖွဲ့ဝင် အမျိုးသမီး ဆူဒါရတ် ကီယူရာဖန် အသက် (၅၇)နှစ်ကို ပါတီစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ နှင့် ရွေးကောက်ပွဲဝင် ပါတီကိုယ် စားလှယ်လောင်းများ ရွေးချယ် ရေးကော်မတီ ဥက္ကဋ္ဌရာထူး အပ်နှင်းခဲ့သည်။

ထိုင်းစစ်အာဏာသိမ်းမှုများ အတွင်း Puea Thai Party ပါတီ ဦးဆောင်သော အစိုးရအဆက်ဆက် ဖြုတ်ချခံရကာ ၂၀၀၆ စစ်အာဏာသိမ်းမှုတွင် ယင်းပါတီ ဦးဆောင်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အစိုးရ ဖယ်ရှားခံရပြီး ၂၀၁၄ စစ်အာဏာသိမ်းမှုတွင် ယင်းပါတီဦးဆောင်သည့် သက်ဆင်၏ညီမ ဝန်ကြီး ချုပ်ဟောင်း ယင်လပ်အစိုးရ ဖယ်ရှားခံရသည့် မှတ်တမ်းရှိခဲ့သည်။

 ‘‘အရင်က ကျွန်တော်တို့ ပါတီကို နည်းမျိုးစုံနဲ့ ဖျက်ဆီးဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့ ဒီအခက်အခဲတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်’’ဟု ပါတီ အတွင်းရေးမှူးသစ် ဖူသမ်က မီဒီ ယာများအား ပြောကြားသည်။  —Ref: Reuters