ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ၂၈.၁၀.၂၀၁၈ နေ့၊ မွန်းလွဲ (၁၁း၀၀) နာရီမှ နေ့လည် (၁၅း၀၀) နာရီအချိန်ထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်ကော်မတီဝင်၊ မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီခေါင်းဆောင်များ၊ အမျိုးသမီးကိုယ်စားလှယ်များ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို အပိုင်း (၃) ပိုင်းခွဲပြီးကျင်းပရာ အခမ်းအနား အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး စစ်တွေခရိုင်ကော်မတီဝင် ဦးသိန်းထွန်းကအဖွင့်အမှာစကား ပြောကြာခြင်း၊ မြို့နယ်ကော်မတီဝင် အမျိုးသမီရေးရာတာဝန်ခံ ဒေါ်ယမင်းဟန်မှ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းအားရှင်းလင်းခဲ့ပြီး သဘာပတိအဖွဲ့ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက်အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအရ ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးကိုယ်စားလှယ်များအား အစုအဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်းပေးပြီး ခေါင်းစဉ်(၄)ခုအား တစ်ဖွဲ့လျှင် ခေါင်းစဉ်တစ်ခုစီ ဆွေးနွေးခဲ့သည်။ အခမ်းအနားအစီအစဉ်တတိယပိုင်းအရ သဘာပတိအဖွဲ့ပြန်လည်နေရာယူခြင်း အစုအဖွဲ့များမှဆွေးနွေးချက်ဖြင့်ရရှိလာသည့်စာတမ်းများဖတ်ကြားခြင်း အစုအဖွဲ့(၁)မှ မြန်မာအမျိုးသမီးများနှင့် မြန်မာနိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်းကို ဆင်ပိုက် ကျေးရွာမှ မခင်ချိုချိုကလည်းကောင်း၊ အစုအဖွဲ့(၂)မှ အမျိုးသမီးများ၏ ဘ၀လုံခြုံမှု ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို အငူမော်ကျေးရွာမှ မစုစုလှိုင် ကလည်းကောင်း၊ အစုအဖွဲ့(၃)မှ အမျိုးသမီထုအတွင်းအမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ထိန်းသိမ်းရေး အမျိုးသမီးများ၏အခွင့်အရေးများကို ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး စာတမ်းကို ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ မဖြူဖြူဇံ ကလည်းကောင်း၊ အဖွဲ့(၄)မှ အမျိုးသမီးပါဝင်သစ်စုဆောင်းရေးနှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင် ပေးရေးစာတမ်းကို ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ မဖြိုးနှင်းဝေ ကလည်းကောင်း အသီးသီးဖတ်ကြား တင်သွင်းခြင်း စာတမ်းများနှင့်ရှေ့လုပ်ငန်းစဉ်များအားမှတ်တမ်းတင်ခြင်းနှင့်အတည်ပြုခြင်းတို့ကို သဘာပတိအဖွဲ့မှ ပြုလုပ်ခဲ့ကြပြီးနောက် မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုး သီချင်းကို သံပြိုင်သီဆိုကာ အခမ်းအနားကို နေ့လည် (၁၅း၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။

Rakhine USDP