စစ်မှုထမ်းကင်းလွတ်ခွင့်ရစေရန် မှတ်တမ်းအတုများ တင်သွင်းခဲ့ဟု တောင်ကိုရီးယားလက်ရွေးစင်ဝန်ခံ

စစ်မှုထမ်းကင်းလွတ်ခွင့် ရစေရန် လူမှုရေးလုပ်ငန်းဆိုင်ရာ မှတ်တမ်းအတုများတင်သွင်းခဲ့ ကြောင်း ၀န်ခံပြီးနောက် နောက်ခံ လူဂျန်ဟွန်ဆိုးသည် လာမည့်လတွင် ကစားမည့်နိုင်ငံတကာပွဲ စဉ်များမှ နုတ်ထွက်ခဲ့သည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ ချုပ်(KFA)က ပြောသည်။

အသက်(၁၈)နှစ်မှ (၂၈)နှစ် အကြားရှိ ကျန်းမာသန်စွမ်းသူ တောင်ကိုရီးယားအမျိုးသားတိုင်း ၂၁ လမဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်သော်လည်း အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲရွှေတံဆိပ် ဆုရှင်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားသည်။

သို့သော် ယင်းရွှေတံဆိပ်ဆုရှင်များအနေဖြင့် ရက် ၆၀ အခြေခံစစ်ရေးလေ့ကျင့်မှုသင်တန်းပြီး ဆုံးရန် လိုအပ် သကဲ့သို့ အားကစားနှင့်သက်ဆိုင်သောလူမှုရေး လုပ်ငန်းများတွင် ၅၄၄ နာရီကြာ လုပ်အားပေးရန် လိုအပ်သည်။

၂၀၁၄ အာရှအားကစားပြိုင် ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီးနောက် ဂျန်ဟွန်ဆိုးသည် စစ်မှုထမ်းကင်းလွတ်ခွင့် ရခဲ့ကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက လူမှုရေး လုပ်ငန်း၌ နာရီ ၂၀၀ ခန့် လုပ်အားပေးပြီးနောက် လူမှုရေးလုပ်ငန်း လုပ်ရန်လိုအပ်သော နာရီပြည့် ခဲ့ပြီဟု စာရွက်စာတမ်းတင်ပြခဲ့သည်။

သို့သော် ကွင်းပြင်ပဘောလုံးသင်ခန်းစာများ ဆောင်ရွက်ခဲ့ကြောင်း ဂျန်ဟွန်ဆိုးပြောသည့်နေ့သည် နှင်းထူထပ်စွာ ကျဆင်းနေကြောင်း နောက်ပိုင်း၌ တွေ့ ရှိခဲ့သည်။

ယင်းသို့ အငြင်းပွားဖွယ် ဆောင်ရွက်မှုကြောင့် ဂျန်ဟွန်ဆိုးကို လာမည့်လချစ်ကြည်ရေးပွဲစဉ် နှစ်ပွဲအတွက် လူစာရင်းမှဖယ်ရှားခဲ့ကြောင်း KFA ကထုတ်ပြန်ချက်တွင် ပြောသည်။

ဂျန်ဟွန်ဆိုးသည် လူမှုရေးလုပ်ငန်းများတွင် သတ်မှတ်နာရီ ပြည့်ရန် လုပ်အားပေးရမည်ဖြစ်သည်။

‘‘အခုလိုစိတ်ပျက်စရာဖြစ် စေတဲ့အတွက် ကျွန်တော်သိပ်ကို ၀မ်းနည်းပါတယ်။ ကိုယ်လုပ်ခဲ့တာအတွက် တော်တော်လေး နောင်တရပါတယ်’’ ဟု ဂျန်ဟွန် ဆိုးက ပြောကြားပြီး ဘောလုံး ရာသီပြီးသည်နှင့် ၎င်း၏ လူမှုရေး လုပ်ငန်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဟု ဆိုသည်။

-Ref: AFP