ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်
မြစ်ကြီးနား၊ အောက်တိုဘာ ၁၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။
အစီအစဉ်အရ လော်ဝေါ်နှစ်ခြင်းအဖွဲ့ချုပ် ဓမ္မဆရာကောင်စီသဘာပတိ Rev.ဟန်းကောခေါင်ဇောင်း မှအစီအစဉ်ဆက်ကပ်ဆုတောင်းပြီး ဓမ္မသီချင်းအမှတ်စဉ် ၃၄၂ ဖြင့် ဂုဏ်တော်ချီမွမ်းသည်။
ထို့နောက် အစီအစဉ်ဦးဆောင်သူမှ ခရစ်ယာန်အသင်းတော်များရှိ ဆရာတော်များနှင့် မိတ်ဆက်ပေးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကချင်ပြည်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးက ဆုတောင်းခံချက် တင်ပြပြီး အေဂျီအသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးဂျီဇုန်းချန်းက ဆုတောင်းခံချက်များကို အထူးဆုတောင်းပေးခဲ့သည်။
အစီအစဉ်အရ ကချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ Rev.မဒိန်ဇုန်းကျန်းက ဒေသနာဖြင့် ခွန်အားပေးခြင်း၊ အထွေထွေကြေငြာပေးခြင်း၊ ရိုမန်ကသလစ်အသင်းတော်မှ မြစ်ကြီးနားခရိုင် ကျောင်းထိုင်ဘုန်းတော်ကြီး Dr.ပီတာခါးအောင်တူးက ကောင်းချီးပေးဆုတောင်း၍ ဝတ်ပြုခြင်းအစီအစဉ်ရုပ်သိမ်းခဲ့သည်။
အဆိုပါ ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ အောင်မြတ်ဦး၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံး ဘာသာရေးခေါင်းဆောင် ဆရာတော်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။