ပြင်သစ်နည်းပြကို ဝေဖန်ပြီး နောက်ခံလူ ကိုစီယယ်နီ နိုင်ငံတကာ ကစားသမားဘဝ အနားယူ

ဒဏ်ရာရစဉ်ကာလအတွင်း ၎င်းအပေါ် ပြင်သစ်နည်းပြ ဒက်စ်ချမ့်၏ ဆက်ဆံပုံများကို ပြင်သစ်နှင့် အာဆင်နယ် နောက်ခံလူ ကိုစီယယ်နီက ဝေဖန်ခဲ့ပြီး နောက် နိုင်ငံတကာကစားသမား ဘဝမှ အနားယူခဲ့သည်။

ကိုစီယယ်နီ (၃၃) နှစ်သည် မေလက ယူရိုပါလိဂ်အကြိုဗိုလ်လုပွဲတွင် ဖနောင့်ကြောဒဏ်ရာရခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။

ဒဏ်ရာကြောင့် အနားယူနေချိန်အတွင်း ဒက်စ်ချမ့်အပြင်လူအများအပြားက ၎င်းကို စိတ်ပျက်ခဲ့ကြောင်း ကိုစီယယ်နီက ဆိုသည်။

‘‘ခင်ဗျား ပုံစံကောင်းရနေချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ခင်ဗျား ဒဏ်ရာ ရပြီဆိုရင်တော့ အချိန်ကာလတစ်ခုအတွင်းမှာပဲ အဲဒါနဲ့ပတ်သက်ပြီး မေ့သွားကြတယ်’’ဟု၎င်းက ပြောသည်။

ကမ္ဘာ့ဖလားပြီးလျှင် လက်ရွေးစင်ကစားသမားဘဝမှ အနား ယူရန် ရည်ရွယ်ထားကြောင်း ကမ္ဘာ့ဖလားမတိုင်မီ ကြေညာခဲ့သော ကိုစီယယ်နီက ကမ္ဘာ့ဖလားနှင့် လွဲချော်မှုက ၎င်း၏ စိတ်ကို ပြောင်းလဲစေမည်မဟုတ်ဟု ဆိုသည်။ သို့သော် ယခုနှစ် ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းတွင် ပါဝင်ခွင့် မရခဲ့ခြင်းက ၎င်း၏ ကစားသမားဘဝ၌ မှောင်မိုက်မှုအဖြစ် ဆက်လက်ရှိနေမည်ဟု ၎င်း က ပြောသည်။

‘‘ဒဏ်ရာရတာက သက်သက်၊ ကမ္ဘာ့ဖလားချန်ပီယံဖြစ်တာက သက်သက်ပါ။ ကမ္ဘာ့ဖလားမှာ ပြင်သစ်ချန်ပီယံ ဖြစ်ခဲ့တာက ကျွန်တော့်ဒဏ်ရာထက်တောင် စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးတော့ နာကျင်စေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်’’ ဟု ကိုစီ ယယ်နီက ပြောသည်။

၂၀၁၁ နိုဝင်ဘာက နိုင်ငံတကာပွဲစတင်ကစားခဲ့သူ ကိုစီယယ်နီသည် ၂၀၁၂၊ ၂၀၁၆ ယူရို နှင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ပြင်သစ်အတွက် စုစုပေါင်း ၅၁ ပွဲ ကစားခဲ့သည်။

—Ref:BBC