စပိန်သည် အင်္ဂလန်ထက်အဆင့်မြင့်ဟု ဟယ်ရီကိန်း ပြော၊ အင်္ဂလန်ကို အနိုင်ယူဦးမည်ဟု ရာမို့စ် ကြွေးကြော်

တနင်္လာ (ယနေ့)ညဥ့်သန်းခေါင်ကျော်တွင် ဆဗီးမြို့၌ ရင်ဆိုင်မည့် စပိန်အသင်းသည် မိမိတို့ထက်အဆင့်မြင့်သော အသင်းဖြစ်သည်ဟု အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားစဉ် စပိန်နောက်ခံလူ ရာမို့စ်က အင်္ဂလန်ကို အနိုင်ယူရပါက များစွာ သဘောကျနှစ်ခြိုက်မိသည် ဟု ပြောသည်။

 ဘောလုံးပေးပို့မှု အထူးကောင်းမွန်သော စပိန်အသင်းသည် အင်္ဂလန်ထက် သာသည်ဟု ကိန်းက ပြောသော်လည်း မိမိတို့သည် ကစားသမားတစ်ဦးချင်းအလိုက် စွမ်းဆောင်ရည်ကောင်းပြီး ယင်းအားသာချက်ဖြင့် စပိန်ကို ရင်ဆိုင်မည်ဟု ၎င်းကပြောသည်။

‘‘ဒါဟာ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ ပါဝင်ယှဉ်ပြိုင်ရင်း ရချင်တဲ့အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်’’ ဟု လက်ရွေးစင်အသင်း၌ ဂိုးပေါက်ရှာမတွေ့၍ ဝေဖန်ခံနေရသော ကိန်းကပြောသည်။

နိုင်ငံများလိဂ်ဖလား အုပ်စု (A) တွင် စပိန်သည် နှစ်ပွဲကစားထားပြီး ခြောက်မှတ်ဖြင့် ထိပ်ဆုံးနေရာရထားကာ အင်္ဂလန်က တစ်မှတ်သာရထားသဖြင့်နောက် တစ်ဆင့်တက်ရေး စပိန်နှင့်ပွဲ၌ ရလဒ်ကောင်းထွက်ပေါ်ရန် လိုအပ်နေသည်။

‘‘အင်္ဂလန်နဲ့ ကစားပြီးအနိုင်ရတာက ကမ္ဘာတစ်ဝန်းမှာ ကြီးကျယ်တဲ့ သတင်းဖြစ်ပါတယ်။ ဘောလုံးသမားတွေဟာ အင်္ဂလန်ကိုနိုင်ရင် အမြဲကျေနပ်သဘောကျကြပါတယ်’’ ဟု စပိန်နောက်ခံလူ ရာမို့စ်ကပြောသည်။

အင်္ဂလန်နှင့် စပိန်ပွဲသည် လှပသောပွဲတစ်ပွဲ ဖြစ်မည်ဖြစ်သော်လည်း ခက်ခဲသည်ဟု ရာမို့စ်က ခန့်မှန်းပြီး အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းသည် အန္တရာယ်ပေးနိုင်ကြောင်း ပြောသည်။

‘‘ဟယ်ရီကိန်းဟာ တားဆီးဖို့ အရမ်းခက်ခဲတဲ့ ကစားသမားပါ။ ဝင်ဘလေကွင်းမှာတုန်းက သူ့ကြောင့် ကျွန်တော်တို့ နောက်တန်းတွေ အရမ်းအခက်ကြုံခဲ့ပါ တယ်’’ဟု ရာမို့စ်က ပြောသည်။

—Ref: DailyMail/Reuters