ရုန်းကန်နေရတဲ့ မိုနာကိုအသင်း နည်းပြ ဂျာဒင်ကို ထုတ်ပယ်

ပြီးခဲ့သည့်ရာသီက လီဂူးဝမ်းဒုတိယ ရရှိခဲ့သော မိုနာကိုအသင်းသည် ယခုနှစ်ရာသီအစရ လဒ်များ ဆိုးရွားနေပြီ အဆင့် (၁၈) နေရာသို့ ရောက်ရှိနေသဖြင့်    မိုနာကိုနည်းပြလီယိုနာဒို ဂျာဒင်ကို ထုတ်ပယ်ခဲ့သည်။

ရာသီအစပထမဆုံးပွဲတွင် နန့်စ်အသင်းကို အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရှစ်ပွဲဆက်တိုက်    နိုင်ပွဲမရှိသော မိုနာကိုသည် ချန်ပီယံလိဂ် အုပ်စု ပွဲ နှစ်ပွဲစလုံးလည်း ရှုံးနိမ့်ထားသည်။

‘‘မိုနာကိုက လီယိုနာဒိုဂျာဒင်နဲ့ လက်တွဲဆောင်ရွက်မှုကို အဆုံးသတ်လိုက်ပါတယ်’’ ဟု ကလပ်က ထုတ်ပြန်သည်။

‘‘မိုနာကိုအသင်းကို လေးနှစ်ကျော် လေ့ကျင့်ပေးခဲ့ရတဲ့အတွက် ဂုဏ်ယူကျေးဇူးတင်နေပါတယ်။ အမြဲတမ်း အကောင်းဆုံး ကြိုးစား၊ စိတ်ပါလက်ပါအလုပ် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့တစ်တွေ အတူတကွ ကြီးမားတဲ့ အောင်ပွဲတွေရရှိခဲ့ပြီး ဒါတွေကို အမြဲတမ်းပဲ အမှတ်ရအောက်မေ့နေမှာပါ’’ ဟု ပေါ်တူဂီနိုင်ငံသား ဂျာဒင်က ပြောသည်။

ပြင်သစ်လက်ရွေးစင်  သီယာရီအွန်နရီသည် ဂျာဒင်နေရာ အစားထိုးရန် ရေပန်းအစားဆုံး ဖြစ်သည်ဟု ပြင်သစ်နှင့် ဗြိတိန် မီဒီယာများက ဖော်ပြသည်။

ဂျာဒင်သည် ယခင်က ပေါ်တူဂီနှင့် ဂရိနိုင်ငံတွင် နည်းပြလုပ်ခဲ့ပြီး ၂၀၁၄ ဇွန်လက မိုနာကိုကို စတင် ကိုင်တွယ်ခဲ့ကာ ပထမ နှစ်ရာသီဆက်တိုက် အသင်း တတိယနေရာရရှိအောင် စွမ်းဆောင်ခဲ့သည်။ ၂၀၁၆-၁၇ က လီဂူးဝမ်းချန်ပီယံဖြစ်ခဲ့ကာ ပြီးခဲ့သည့်ရာသီက ဒုတိယနေရာရရှိခဲ့သည်။

မိုနာကိုအမှုဆောင်အရာရှိချုပ် ဗာဒင်ဗာဆီယက်ဗ်က ‘‘လီ ယိုနာဒိုကို သူလုပ်ကိုင်ပေးခဲ့သမျှအတွက် အလေးနက်ဆုံး ကျေးဇူးတင်ချင်ပါတယ်။ သူဒီမှာရှိနေခဲ့ တဲ့အချိန်တွေဟာ အသင်းရဲ့ သမိုင်းမှာ အလှပဆုံး စာမျက်နှာတွေအဖြစ် ဆက်ရှိနေမှာပါ။ လီယိုနာဒိုဟာ မိုနာကိုမိသားစုရဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိနေပါ လိမ့်မယ်’’ ဟု ပြောကြားသည်။

—Ref:Reuters