ဝန်ကြီးချုပ်ကို ခွေးအူသံဟောင်သံတွေပေးပြီး ဆန္ဒပြတောင်းဆိုတဲ့ လန်ဒန်က ဆန္ဒပြပွဲ

လန်ဒန်၊ အောက်တိုဘာ ၈

ဗြိတိန်နိုင်ငံ အီးယူကနေ ခွဲထွက်တဲ့ ဘရစ်ဇစ်နဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ တောင်းဆိုတဲ့ Wooferendum ဆိုတဲ့ လန်ဒန်မြို့လယ် ဆန္ဒပြလှုပ်ရှားမှုမှာတော့ ခွေးတွေ ထောင်ပေါင်းများစွာနဲ့ ခွေးပိုင်ရှင်တွေ ပါဝင်ပြီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြတောင်းဆိုမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

ဘရစ်ဇစ်ဟာ မဟာအမှားပဲလို့ ယုံကြည်ယူဆတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကိုယ်စား ခွေးတွေက ဟောင်သံပေးလို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုအဖြစ် Wooferendum ကို ပြုလုပ်တာလည်း ဖြစ်ပါတယ်။ referendum ဆိုတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအစား Wooferendum ဆိုပြီး ပြုလုပ်တဲ့ လန်ဒန်မြို့လယ်က ဒီဆန္ဒပြသမှုမှာ ခွေးအမျိုးအစား မျိုးစုံ ပါဝင်ပြီး ခွေးပိုင်ရှင်ဆန္ဒပြသူတွေက ဘရစ်ဇစ်နဲ့ ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် ဆန္ဒမဲ ကောက်ယူဖို့ တောင်းဆိုကြပါတယ်။

“ကျွန်တော်တို့ ငြိမ်နေမှာ မဟုတ်ဘူး။ ခုချိန်ဟာ Wooferendum လုပ်ဖို့ အချိန်ပဲ။”လို့ လေဘာပါတီက လွှတ်တော်အမတ် စတေလာခရာစေးက ပြောပါတယ်။

ခုလို ဟောင်သံတညံညံနဲ့ ခွေးတွေနဲ့ စီတန်းလှည့်လည်မှုဟာ အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ဆင်နွှဲဖို့ ပြင်ဆင်ထားတဲ့ ဘရစ်ဇစ်နဲ့ ပတ်သက်ပြီ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ထပ်မံကျင်းပရေး တောင်းဆိုမယ့် ဆန္ဒပြသမှုကြီးမတိုင်မီ အကြိုဆင်နွှဲတဲ့ ဆန္ဒပြသမှုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသစ် ထပ်ပြီး ကျင်းပဖို့ကို ငြင်းဆန်ပြီး ဒီလို ကျင်းပရမယ်ဆိုရင် ၂၀၁၆ က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို သစ္စာဖောက်ရာရောက်ပြီး နိုင်ငံရေးမှာလည်း ယုံကြည်မှုကို ဖျက်ဆီးလိုက်တာပဲ ဖြစ်မယ်လို့ ငြင်းပယ်ထားပါတယ်။

-Ref; AFP/EFE_EPA