ရန်ပွဲကြောင့် ခါဘစ်ရဲ့အသင်းသား(၃)ဦး ထိန်းသိမ်းခံရ

မက်ဂရီဂေါ်ကို အနိုင်ယူပြီး UFC လိုက်ဝိတ်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ရုရှားဖိုက်တာ ခါဘစ်ရဲ့ အသင်းသား(၃)ဦးကတော့ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာပါဝင်ခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့က T Mobile အရီနာမှာကျင်းပတဲ့ ဒီပွဲစဉ်မှာ မက်ဂရီဂေါ်ဟာ လက်ရှိချန်ပီယံ ခါဘစ်ကို လုံးဝမယှဉ်နိုင်ခဲ့ပါဘူး။ စတုတ္ထအချီမှာတော့ ခါဘစ်ရဲ့ ချုပ်ကွက်မိပြီး မက်ဂရီဂေါ် အရှုံးပေးခဲ့ရပါတယ်။ ပွဲသိမ်း ချုပ်ကွက်ပြီးပြီးချင်း မကျေမနပ်ဖြစ်နေတဲ့ ခါဘစ်ဟာ မက်ဂရီဂေါ်ရဲ့ အသင်းသားတွေဘက်ကို ဒေါသတကြီးနဲ့ အော်ဟစ်ပြီး သံဇကာကိုကျော်တက်၊ ရန်သွားရှာပါတော့တယ်။

ခါဘစ်ရဲ့ ဒီလုပ်ရပ်ကြောင့် ပရိသတ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဖက်အသင်းသားတွေလည်း ခိုက်ရန် ဖြစ်ပွားမှုမှာ ပါဝင်လာပါတယ်။ ပရိသတ်တွေထဲ ခါဘစ်နဲ့ မက်ဂရီဂေါ်အသင်းသားတွေ အချင်းများနေချိန်မှာ အော့တဂွန်ထဲက မက်ဂရီဂေါ် ကို ခါဘစ်အသင်းသားတချို့က၀င်ရောက်ထိုးကြိတ်ပါတော့တယ်။ နှစ်ဖက် အသင်းသားတွေရဲ့ ခိုက်ရန်ဖြစ်ပွားမှုကို လုံခြုံရေးတွေရော ပွဲတာဝန်ရှိသူတွေပါ ၀င်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ UFCဥက္ကဌ ၀ှိုက်က ခါဘစ်ရဲ့အသင်းသား(၃)ဦးကို ထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

ခါဘစ်ကတော့ သူ့လုပ်ရပ်ကြောင့် အနည်းဆုံး ငွေဒဏ်တပ်ခံရမှာသေချာနေပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ဝင်ခွင့် ပိတ်ခံရနိုင်တာကြောင့် နောက်နောင် လက်စ်ဗီးဂက်စ်မှာ ထိုးသတ်ခွင့် ဆုံးရှုံးရနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ အဆိုးဆုံးကတော့ ရန်ပွဲကြောင့် ချန်ပီယံခါးပတ်ကိုတောင် ရုပ်သိမ်းခံရနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဆိုနေပါတယ်။

—Ref: Sky sports