ဗဟိုအမျိုးသမီးညီလာခံ ကြိုဆိုထောက်ခံ လှူဒါန်းမှုပြု ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

လေးမျက်နှာ အောက်တိုဘာ ၇

လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုထောက်ခံသောအား ဖြင့် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသမီးရေးရာ ကော်မတီတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လေးမျက်နှာမြို့နယ် လက်/မြန်မာအုပ်စု နှမ်းကုန်းကျေးရွာ ဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင်ကော်မတီဝင် မြို့နယ်တာဝန်ခံ ဦးမန်းတင်စိုး၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြို့နယ်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ကျင်နုနှင့် အမျိုးသမီးရေးရာကော်မတီ ဝင်များ၊ ပါတီဝင်အမျိုးသမီးများစုပေါင်း၍ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၈ဝ ကျော်နှင့် ကယားပြည်နယ်မှ လာရောက်စာပေ သင်ယူလျက်ရှိသည့် ကျောင်းသား ၁၈ ဦးတို့အတွက် ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများလှူဒါန်းခြင်း၊ အာဟာရဒါနများ လှူဒါန်းခြင်း၊ ကျောင်းတိုက်အတွင်းရှိ စေတီတော်ရင်ပြင်နှင့် ကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းရေးလုပ်အားဒါန ဆောင် ရွက်ခဲ့ကြသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် အိုင်သပြုအုပ်စု ရပ်/ကျေး ပါတီရုံး၌ကျင်းပသော လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသမီးရေးရာကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှုနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ပါတီဝင် အမျိုးသမီး ပါတီဝင် အသစ် ၅ဝ ၏ အဆိုပြုလွှာများအား အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ကျင်နုကပေးအပ်ရာ ဘဏ္ဍာရေးမှူးဦးသန်းမြင့်က လက်ခံ ရယူပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)