ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ဥတ္တရသီရိ၌ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၎

ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ဗဟိုအမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို အပိုင်းသုံးပိုင်းခွဲ ကျင်းပရာတွင် နိုင်ငံတော်အလံ အားအလေးပြုပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ဒေါ်ကြည်ကြည်ခိုင်နှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်မေသူနိုင်တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားပထမပိုင်းတွင် သဘာပတိ ဒေါ်စန်းစန်းဝင်းနှင့် သဘာပတိ အဖွဲ့ဝင်များ နေရာယူပြီးနောက် ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားဒုတိယပိုင်းတွင် အစုအဖွဲ့လေးဖွဲ့တို့မှ (က) အမျိုးသမီးများနှင့် မြန်မာနိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေး၊ (ခ) အမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများအခွင့်အရေးများကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (ဃ) အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင်ပေးရေးစာတမ်းများ ဆွေးနွေးပြုစုရေးသားခဲ့ကြသည်။

တတိယပိုင်း ပြန်လည်ကျင်းပရာတွင် အစုအဖွဲ့လေးဖွဲ့၏ ဆွေးနွေးတင်သွင်းခဲ့သော ဆွေးနွေးချက်၊ တွေ့ရှိချက် များကို သဘာပတိက မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်ချခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဥတ္တရသီရိမြို့နယ် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ ပြည်ခိုင်ဖြိုးဟေ့ သီချင်းဖြင့် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ အမျိုးသမီးရေးရာတာဝန်ခံ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဒေါ်သီတာထွေးနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌများ၊ အမျိုးသမီးအဖွဲ့ ဝင်များ အင်အား ၂ဝဝ ခန့် တက်ရောက်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

ပေါ်ဦး(နေပြည်တော်)