အင်္ဂလန်နည်းပြ ဆောက်ဂိတ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထိ သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆို

နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာကြောင့် ၎င်းကို အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထိ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ အရင်သဘောတူစာချုပ်အရ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ၂၈ နှစ်အကြာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။

“အင်္ဂလန်လက်ရွေးစင်အသင်းကို နောက်ထပ်အဓိက်ပြိုင်ပွဲကြီး နှစ်ရပ်ကို ဦးဆောင်ဖို့ အခွင့်အလမ်းရရှိလို့ ကျနော် ဝမ်းသာမိပါတယ်။”လို့ ဆောက်ဂိတ်က ပြောပါတယ်။ လက်ရှိ ချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်အရ သူဟာ တစ်နှစ် ပေါင် ၃ သန်းအထိ ဝင်ငွေတိုးမြှင့် ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန် ကလည်း ၂၀၂၂ ခုနှစ်အထိ စာချုပ်သစ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြအဖြစ် ၂၀၁၆ ခုနှစ်က ဆမ်အလာဒိုက်စ်နေရာမှာ အစားထိုးခန့်အပ်ခံရသူ ဖြစ်ပါတယ်။   

Ref; BBC