လက်ရွေးစင်ဘောလုံးသမားများ ကြိုးစားရန် ဦးဇော်ဇော်တိုက်တွန်း

အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရလဒ်ကောင်းရန်လိုအပ်ပြီး ကစားသမားများ ကြိုးစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က တိုက်တွန်းသည်။

ဒေသတွင်း အဆင့်အမြင့်ဆုံးဆူဇူကီး ဖလားပြိုင်ပွဲကို နိုဝင်ဘာ၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)၌ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေ သည်။ ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တွင် ကစား သမား ၂၇ ဦးပါဝင်ပြီး စက်တင်ဘာ ၂၈ ရက်ကစ၍ လေ့ကျင့်နေသည်။

‘‘ဥက္ကဋ္ဌတို့ဘက်က လုပ်နိုင်သမျှ၊ ဖြည့်ဆည်းပေးနိုင်သမျှ အကုန်လုံးလုပ်ပေးနေတယ်။ သားတို့ မကြိုးစားဘူး၊ အားမစိုက်ဘူးဆိုလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သေသေချာချာ ကြိုးစားပြီး နိုင်ငံအတွက်၊ မြန်မာ့ဘောလုံး လောကအတွက် အောင်မြင်မှု ယူပေးဖို့လိုတယ်။ ရလဒ်ကောင်းဖို့ အဓိကပဲ။ တိုင်းပြည်က အရမ်းဆင်းရဲတယ်။ ဘာပြစရာမှ မရှိဘူး။ အဲဒီတော့ မင်းတို့ငါတို့ ဖြစ်နိုင်သမျှ အားလုံး အပင်ပန်းခံပြီး လုပ်ပေးကြပါ။ ဒါမှငါတို့လည်း ပင်ပန်းရကျိုး၊ အကုန်အကျခံရကျိုး နပ်မယ်’’ဟု ဦးဇော်ဇော်က ပြော သည်။

ဂျာမနီနိုင်ငံသားအန်တွမ်နီဟေး ကိုင်တွယ်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ စက်တင်ဘာ ၃၀ ရက်က လေ့ကျင့်မှုအစီအစဉ်သို့ လာရောက်ကြည့်ရှုသည့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က အထက်ပါ အတိုင်း တိုက်တွန်းပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁၀ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ၌ အင်ဒိုနီးရှား   လက်ရွေးစင်အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ဘိုလစ်ဗီးယားလက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းမည် ဖြစ်သည်။

ထို့အပြင် မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ အောက်တိုဘာအကုန်၌ ကာတာနိုင်ငံသို့ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ခြေစမ်းပွဲငါးပွဲ  ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံဆူဇူကီးပြိုင်ပွဲ(ယခင်တိုက်ဂါး ဖလား)တစ်လျှောက် အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၄ နှင့် ၂၀၁၆ ၌ အကြိုဗိုလ်လုပွဲအဆင့်သာ ရောက်ရှိဖူးသည်။

  7Days