ကက်တလန်ခွဲထွက်ရေး ဆန္ဒပြလူအုပ်ကို ရဲက လူစုခွဲ
ဘာစီလိုနာ၊ အောက်တိုဘာ ၂
စပိန်နိုင်ငံမှ ကက်တလန်ဒေသ ခွဲထွက်ရေး ရာပေါင်းများစွာရှိတဲ့ ဆန္ဒပြလူအုပ်ကို အောက်တိုဘာ ၁ ရက်မှာ ရဲက လူစုခွဲလိုက်ရပါတယ်။
ဘာစီလိုနာမြို့က ပါလီမန်ရှေ့နဲ့ အမျိုးသားရဲဌာနချုပ် ရှေ့မှာ စုရုံးဆန္ဒပြကြသူတွေကို ရဲက လူစုခွဲလိုက်ရတာပဲ ဖြစ်ပါတယ်။
ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး တရားမ၀င်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့ ပထမဆုံးနှစ်ပတ်လည်အဖြစ် ရာပေါင်းများစွာရှိတဲ့ ပြည်သူတွေက စုရုံးဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။
ဗီယာလိုင်တာနာရိပ်သာလမ်းမကြီးမှာ ဆန္ဒပြသူတွေက ရဲဌာနချုပ်ရှေ့က အစောင့်အကြပ်ချထားတဲ့ ရဲတွေကို ရရာ ပစ္စည်းအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ကြပါတယ်။ ပါလီမန်ရှေ့ ဆန္ဒပြသူတွေကတော့ လုံခြုံရေးစည်းရိုးတွေကို ဖယ်ရှားဖို့ ကြိုးစားစဉ်မှာ ရဲရဲ့ လူစုခွဲတာ ခံခဲ့ရပါတယ်။
အမျိုးသားရဲဌာနချုပ်ရှေ့က ဆန္ဒပြလူအုပ်ကို ရဲက ပထမဆုံး လူစုခွဲပြီးနောက်မှာ ပါလီမန်ရှေ့က ဆန္ဒပြသူတွေကို လူစုခွဲလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်က တရားမ၀င်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ခြင်းနဲ့ ပတ်သက်ပြီး အရေးဆိုဖို့အတွက် ခုလို ဆန္ဒပြကြတာဖြစ်ကြောင်း သိရပါတယ်။
ကက်တလန်သမ္မတနိုင်ငံ ကာကွယ်ရေးဆိုင်ရာ ကော်မတီ CDR လို့ခေါ်တဲ့ အဖွဲ့အစည်းက အဖွဲ့ဝင်တွေဟာ ကားတွေကို ပိတ်ဆို့ဟန့်တားကြသလို ဒေသတွင်း နေရာအချို့မှာ ရထားခရီးစဉ်တွေ အမျှင်ပြတ်အောင် လုပ်ဆောင်ကြပါတယ်။
ခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားတာကို ကက်တလန်သမ္မတ ကွင်းတိုရာက အားပေးထောက်ခံနေပြီး CDR ကိုလည်း ဆက်လက်ဖိအားတွေ ပေးနေဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
-Ref; AFP