အာရှဖိတ်ခေါ် စနူကာချန်ပီယံ မြန်မာဆွတ်ခူး

မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Asia Invita-tional Snooker Championship 2018 အာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အားကစားသမား ၆၄ ဦး ပါဝင်ရာ အုပ်စုပတ်လည် စနစ်ဖြင့် ကစားရပြီး နောက်ဆုံး ၃၂ ဦး ရှုံး/ထွက် အဆင့်တွင် မြန်မာက မလေးရှားကို (၄-၂)ဖြင့် နိုင်၍ လည်းကောင်း၊ ၁၆ ဦး အဆင့်တွင် မြန်မာက ထိုင်းကို(၅-၂)ဖြင့်နိုင်၍ လည်းကောင်း၊ ရှစ်ဦးအဆင့်တွင် ၁ဝဝ ကျော် Break အများဆုံး ထိုးထားပြီး ချန်ပီယံဖြစ်မည်ဟု ပရိသတ်များ ခန့်မှန်းထားသည့် ထိုင်းနိုင်ငံမှ ချန်ပီယံကို မြန်မာက (၅-၃)ဖြင့် ခက်ခက်ခဲခဲနိုင်ခဲ့၍ ပရိသတ်များ အံ့သြခဲ့ရသည်။

ဆီမီးဖိုင်နယ်အဆင့်တွင် မလေးရှားမှ ဒုတိယတန်း လက်ရွေးစင်ကို (၄-ဝ)ဖြင့် အရင်စီးထားသော်လည်း မလေးရှားက နောက်မှ (၄-၄)ဖြင့် ပြန်လိုက်လာရာ နောက်ဆုံးတွင် မလေးရှားကို (၆-၅)ဖြင့် နိုင်၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် တရုတ်မှ အာရှလူငယ်ချန်ပီယံမလေးရှား အာရှဖိတ်ခေါ် စနူကာပြိုင်ပွဲတွင် ပထမဆု နှစ်ကြိမ်ရရှိထားသူနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ မြန်မာက တရုတ်ကို (၆-၅)ဖြင့် ထိုက်တန်စွာ အနိုင်ယူကာ ချန်ပီယံဆု တံဆိပ်နှင့်အတူ မလေးရှား ရင်းဂစ် ၁ဝဝဝဝ ဆုငွေ ရရှိခဲ့သည်။

မြန်မာစနူကာချန်ပီယံ ကိုထက်သည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် မလေးရှား နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးခင်မောင်ဦး၊ ဒိုင်ချုပ် ဦးဝင်းမြင့်မြတ် နှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ ကြကြောင်း သိရသည်။

(မြန်မာ့အလင်း)