မန်နေဂျာ မော်ရင်ညိုအား ထုတ်ပယ်ရေးနှင့်ပတ်သက်၍ မန်ယူကစားသမားများနှင့် တာဝန်ရှိသူများ ဆွေးနွေးခဲ့

မန်ယူအသင်း ကစားသမားများနှင့် အသင်းတာဝန်ရှိသူများသည် မန်နေဂျာ မော်ရင်ညိုအား ထုတ်ပယ်ရေးနှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

စက်တင်ဘာလ ၂၉ ရက်တွင် မန်ယူအသင်းက အဝေးကွင်း၌ ၀က်စ်ဟမ်းအသင်းအား ၃-၁ ဖြင့် အရေးနိမ့်ခဲ့ သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူအသင်းသားများနှင့် တာဝန်ရှိသူများသည် လန်ဒန်မှ မန်ချက်စတာသို့ ရထားခရီးဖြင့် ပြန်လာစဉ်အတွင်း ယခုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် လန်ဒန်မှ ပြန်လာချိန်တွင် မန်ယူအသင်းနှင့်အတူ မန်နေဂျာ မော်ရင်ညို လိုက်ပါလာခဲ့ခြင်း မရှိကြောင်း၊ မော်ရင်ညိုသည် လန်ဒန်မြို့တွင် နေထိုင်နေဆဲဖြစ်သည့် သူ၏ မိသားစုနှင့်အတူ သွားရောက် နေထိုင်နေခြင်းဖြစ်နိုင်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။

မန်ယူအသင်းခံစစ်မှူးဟောင်း တစ်ဦးဖြစ်သူ ရီယိုဖာဒီနန်က လက်ရှိအချိန်သည် မန်ယူအသင်းအနေဖြင့် ကြီးမားသည့် အပြောင်းအလဲပြုလုပ်ရမည့်အချိန်ဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။ ခံစစ်မှူးဟောင်း ဖာဒီနန်က “အခုအချိန်က မန်ယူအသင်းအနေနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်အချို့ ချမှတ်ရမယ့် အချိန်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ယူအသင်းရဲ့ ထိပ်တန်း တာဝန်ရှိသူတွေအနေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်မယ်လို့ ယူဆတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ အ၀တ်လဲခန်းအတွင်းမှာ ရင်းနှီးခင်မင်မှုမျိုး မမြင်တွေ့ရပါဘူး”ဟု ပြောဆိုခဲ့သည်။

မန်နေဂျာ မော်ရင်ညိုသည် လာမည့်သီတင်းပတ်အစောပိုင်း၌ပင် မန်ယူအသင်းမန်နေဂျာရာထူးမှ ထုတ်ပယ်ခံရ နိုင်သည်ဆိုသည့် ထင်ကြေးပေး သတင်းများလည်း ထွက်ပေါ်နေသည်။ မန်နေဂျာ မော်ရင်ညိုနှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။

-Ref; Sky sports